Samsung က အိန္ဒိယမှာ Galaxy J2 Core (2020) ကို ကြေညာလိုက်ပြီး မူလ J2 Core ထက် Storage က ၂ ဆ ပိုပါလာပါတယ်။ ၂၀၁၈ ထုတ် မူလ မော်ဒယ်မှာ Specs တွေ အားနည်းသလို မော်ဒယ် အသစ်မှာလည်း စွမ်းရည်နိမ့် Specs တွေပဲ သုံးထားပါတယ်။ Specs တွေ နိမ့်ပေမယ့် မြန်ဆန်သွက်လက်တဲ့ Android Go Edition OS ထည့်ထားပါတယ်။

J2 Core အသစ်မှာ ၅ လက်မ LCD 540x960p မျက်နှာပြင် ထည့်သွင်းထားပြီး ၂၀၁၈ မော်ဒယ်မှာလို Gorilla Glass နဲ့ ကာကွယ်ထားတယ်လို့ မပြောထားပါဘူး။ မျက်နှာပြင် အထက်က ဘောင်ထူထူမှာ 5MP ကင်မရာ တပ်ထားတာက ခေတ်ပေါ် ဒီဇိုင်း မဟုတ်ပါဘူး။ အနောက်ဘက်မှာ Autofocus ပါတဲ့ 8MP ကင်မရာ ထည့်ထားပြီး 1080p 30fps ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။

16GB Storage ပါလာပြီး 256GB microSD Card စိုက်နိုင်ပါတယ်။ Go Edition မှာ Apps နဲ့ ဒေတာတွေကို External Storage ကို ပြောင်းနိုင်တဲ့ Smart Manager ထည့်ထားပါတယ်။ Exynos 7570 Quad 14nm Chip မောင်းနှင်ထားပြီး Cortex-A53 Cores  ၄ လုံး ပါပါတယ်။ 1GB RAM ပဲပါပြီး ဘက်ထရီက 2,600mAh ဖြစ်ပါတယ်။ LTE ကနေ အင်တာနက် ကြည့်ရင် ၁၄ နာရီ အသုံးခံပြီး ဘက်ထရီကို ဖြုတ်နိုင်ပါတယ်။

Samsung က OS ကို အဆင့်မမြှင့်ထားဘဲ Android 8.0 Oreo ပဲ ထည့်ထားပါတယ်။ LTE ထောက်ပံ့ပြီး SIM Card ၂ ခု စိုက်နိုင်ပါတယ်။ microSD Card အတွက် သီးခြား Slot ပါပါတယ်။ အပြာ၊ အနက်နဲ့ ရွှေရောင် ထုတ်လုပ်ထားပြီး ရူပီး ၆,၃၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၂ သောင်းလောက်ပဲရှိပြီး ၁ သိန်းတန် စမတ်ဖုန်း ကိုင်ချင်သူတွေအတွက် သင့်တော်ပါတယ်။

Ref : gsmarena