လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက Samsung Galaxy M12 ရဲ့ ပကတိဓါတ်ပုံပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ Steve(@Onleaks) က M12 ရဲ့ 3D Render တွေကို ထပ်ပြီးမျှဝေလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဟန်းဆက်ကို ဘက်ပေါင်းစုံကနေ တွေ့မြင်နိုင်ပြီး အသေးစိတ်အချက်အလက်တွေကိုလည်း သိလာရပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီကြီးဟာ ၂၀၂၁ အစောပိုင်းမှာ Galaxy M12 နာမည်နဲ့ ဒီဟန်းဆက်ကို မိတ်ဆက်သွားမယ်လို့လည်း Steve က အခိုင်အမာ ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ ဈေးကွက်ပေါ်မူတည်ပြီး နာမည်လည်း ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။ Steve ဖော်ပြတဲ့ အချက်အလက်တွေအပြင်၊ အရှေ့ဘက်မျက်နှာပြင်နဲ့ ကျောဘက် Panel ကလည်း ကနဦးပေါက်ကြားထွက်ပေါ်ထားတာတွေနဲ့ တူညီတာကို တွေ့ရပါတယ်။

Galaxy M12 ရဲ့ ကျောဘက်ကင်မရာအိမ်ဟာ စတုရန်းပုံစံဖြစ်ပြီး ကင်မရာလေးလုံးကို ထည့်သွင်းထားပါတယ်။ အောက်ဘက်မှာတော့ LED ဖလက်ရှ်တစ်ခုကို နေရာချထားပါတယ်။ ဒီဇိုင်းပိုင်းကတော့ Google Pixel ရဲ့ ဒီဇိုင်းကို ပြောင်းပြန်ပြုလုပ်ထားသလိုပါပဲ။ Render အသစ်မှာ Fingerprint sensor နဲ့ Volume ခလုတ်တွေကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီ ဖြစ်ပါတယ်။

ဘယ်ဘက်ခြမ်းမှာ SIM Slot ရှိပြီး၊ အောက်ခြေမှာ USB-C, 3.5mm audio jack, speaker port တွေ ရှိနေတာက အစောပိုင်းပေါက်ကြားမှုတွေကို အတည်ပြုနိုင်စေခဲ့ပါတယ်။ Steve ရဲ့ပြောဆိုမှုမှာ Samsung Galaxy M12 ဟာ 6.5-inch မျက်နှာပြင်နဲ့ဖြစ်ပြီး Infinity-V notch နဲ့ ဖြစ်နေတာကြောင့် ကနဦးဖော်ပြခဲ့တဲ့အတိုင်းအတာဖြစ်တဲ့ 6.7-inch မျက်နှာပြင်အရွယ်အစားနဲ့ ကွာဟမှုတော့ ရှိနေပါတယ်။

Ref: Gizmochina