Samsung ဟာ Mid-range စမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy M12 ကို မကြာခင်မှာပဲ တရားဝင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလဆန်းကတည်းက Galaxy M12 ရဲ့ ကျောဘက်ဒီဇိုင်းကိုပြသတဲ့ ပကတိရုပ်ပုံထွက်ပေါ်ခဲ့တာဖြစ်ပြီး 3D render နဲ့ ၃၆၀ ဒီဂရီ ဗီဒီယိုလည်း ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

အခု တရားဝင်ကြေညာဖို့နီးကပ်လာချိန်မှာ Galaxy M12 ကို Geekbench ပေါ်မှာ မြင်တွေ့လာရပြီဖြစ်ပါတယ်။ မော်ဒယ်နံပါတ် SM-M127F ဟာ Exynos 85o SoC ကို အသုံးပြုထားတာဖြစ်ပြီး Single-Core ရမှတ်မှာ 179 မှတ်နဲ့၊ Multi-Core ရမှတ်မှာတော့ 1,029 မှတ် ရရှိထားတာ ဖြစ်ပါတယ်။

Android 11 မောင်းနှင်ထားပြီး၊ အသုံးပြုထားတဲ့ RAM ကတော့ 3GB ဖြစ်ပါတယ်။ ကနဦးသတင်းတွေအရ Galaxy M12 ဟာ ကြီးမားတဲ့ ပမာဏအဖြစ်၊ 7,000mAh ဘက်ထရီကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ မျက်နှာပြင်ကတော့ 6.7-inch ဖြစ်ပြီး ကျောဘက်မှာလည်း 13MP+5MP+2MP+2MP ကင်မရာလေးလုံးတပ်ဆင်ထားမယ်လို့ ဆိုပါတယ်။

အရှေ့ဘက်မှာတော့ 8MP selfie ကင်မရာကို တပ်ဆင်ထားမယ်လို့ Geekbench မှာ 3GB of RAM နဲ့တွေ့ရတယ်ဆိုပေမယ့် ဈေးကွက်ထဲဖြန့်ချိချိန်မှာတော့ အခြား Configuration တွေလည်း ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ USB-C port နဲ့ 3.5mm headphone jack လည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။ Galaxy M12 ကို တရားဝင်မိတ်ဆက်မယ့်ရက်တော့ ထွက်မလာသေးတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena