Samsung ရဲ့ M စီးရီးဟန်းဆက်တွေကို ဒီနှစ်ထဲမှာမိတ်ဆက်မှုက ပြီးဆုံးသွားတာမဟုတ်ပါဘူး။ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ Galaxy M21 ကို ပြီးခဲ့တဲ့ မတ်လတုန်းက မိတ်ဆက်ခဲ့ပြီး အခုတော့ ကင်မရာပိုင်းကို အဆင့်မြှင့်ထားတဲ့ Galaxy M21s ကို ထပ်မံကြေညာလိုက်ပြီဖြစ်ပါတယ်။

Galaxy M21 ဟာ 20MP selfie ကင်မရာ တပ်ဆင်ထားပြီး၊ ကျောဘက်မှာတော့ 48MP အဓိကကင်မရာ အပါအဝင် 8MP ultrawide, 5MP depth unit တို့ကို တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Galaxy M21s မာတော့ Selfie ကင်မရာဟာ 32MP ဖြစ်သွားပြီး ကျောဘက်က အဓိကကင်မရာဟာ 48MP အစား 64MP အဖြစ် တိုးမြင့်လာတာ ဖြစ်ပါတယ်။

ကင်မရာပိုင်းပြောင်းလဲမှုကလွဲရင် M21s ဟာ မူလထွက်ခဲ့တဲ့ M21 နဲ့ တူညီတဲ့အစိတ်အပိုင်းတွေကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် Exynos 9611 SoC ကိုပဲ ဆက်လက်အသုံးပြုထားသလို၊ 6.4-inch FullHD+ Super AMOLED မျက်နှာပြင်၊ 15W အားသွင်းစနစ်နဲ့ 6,000mAh ဘက်ထရီ၊ ကျောဘက်ကိုယ်ထည်ပေါ်က Fingerprint scanner စတာတွေကိုလည်း မပြောင်းမလဲဘဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Galaxy M21s ဟာ Android 10 မောင်းနှင်မှာဖြစ်ပြီး 4GB of RAM နဲ့ 64GB storage တို့ကို တွဲဖက်ထားတာလည်း ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကတော့ microSD ကဒ်ကိုအသုံးပြုပြီး 1TB အထိ ချဲ့ထွင်နိုင်မှာလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် Galaxy M21s ဟာ အသစ်မဟုတ်ဘဲ Galaxy M31 ကိုအခြေခံထားတဲ့ Galaxy M41 ကို နာမည်ပြောင်းထားတာလို့ ဆိုနိုင်ပါတယ်။

Galaxy M21s ကို အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းကတော့ $275 (၃ သိန်းခွဲဝန်းကျင်) ဖြစ်ပါတယ်။ လက်ရှိဖြန့်ချိထားတဲ့ဈေးကွက်ကတော့ ဘရာဇီးဈေးကွက်ဖြစ်နေတာကိုလည်း တွေ့မြင်ရပါတယ်။

Ref: GSM Arena