ရှေ့တစ်ပတ်တုန်းက Samsung Galaxy M31s စမတ်ဖုန်း ရောက်ရှိလာမယ့်အကြောင်း သတင်းစကြားခဲ့ရပြီး ယနေ့မှာ ဒီဖုန်းရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်တွေ့ခွင့်ရလာခဲ့ပါပြီ။

အိန္ဒိယစျေးကွက်ထဲကို ဩဂုတ်လ ၆ ရက်နေ့မှာ စတင်ရောင်းချမယ့် Galaxy M31s အတွက် တရားဝင် Render ပုံတွေကို အိန္ဒိယဌာနခွဲကနေ တင်ပေးခဲ့တာဖြစ်ပြီး ဟန်းဆက်ရဲ့ ရှေ့နဲ့နောက်ဘက်ဒီဇိုင်းတွေကို ပြသလာပါတယ်။ Galaxy M31 မှာလို Dewdrop-notch Display ဒီဇိုင်းမဟုတ်တော့ဘဲ Galaxy M31s မှာ အလယ်တည့်တည့်က Punch-hole ထည့်လာတဲ့ ပုံစံဖြစ်ပြီး လေးဘက်လေးတန်မှာ ပါးလွှာတဲ့ Bezel ဘောင်တွေပါဝင်တယ်။

နောက်ကျောဘက်မှာ Galaxy M31s ဟာ Quad-camera ကို လေးထောင့်ပုံစံ Camera Module ထဲမှာပဲ ဆက်ထားရှိလာပေမယ့် ကင်မရာနဲ့ Flash နေရာချထားပုံကတော့ Galaxy M31 နဲ့ ကွဲပြားအောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် နောက်ဘက် Fingerprint Sensor ကိုလည်း ဖြုတ်ထားတာကြောင့် ဘေးဘက် ဒါမှမဟုတ် In-display ထည့်ပေးလာမယ်လို့ ယူဆရတယ်။

Galaxy M31s ရဲ့အတွင်းမှာတော့ Octa-core Exynos 9611 ချစ်ပ်ဆက်နဲ့ 6GB RAM တို့ပူးပေါင်းထားကြောင်း Geekbench မှာ ဖော်ပြထားပါတယ်။ Storage ကို 64GB နဲ့ 128GB နှစ်မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ကင်မရာဘက်ကို ပြန်သွားရရင် 64MP ဦးဆောင်တဲ့ ကင်မရာလေးလုံးတွဲမှာ Ultra-wide, Macro, Depth Sensor သုံးမျိုးပါဝင်မှာပါ။ ဘက္ထရီက 6,000 mAh တောင်ရှိပေမယ့် အားသွင်းစနစ်ကတော့ 15W အနိမ့်ဆုံး ပါဝင်မယ်လို့သာ ဆိုထားပါတယ်။

Ref – Playful Droid