Samsung ဟာ ဒီလထဲမှာ Galaxy M31s ကို ကြေညာမယ်လို့ သတင်းတွေထွက်နေပြီး ဒီနှစ် အစောပိုင်းက မိတ်ဆက်ခဲ့တဲ့ Galaxy M31 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ အခုတော့ Amazon India မှာ Galaxy M31s အတွက် ဝက်ဘ်စာမျက်နှာ ၁ ခုကို လွှင့်တင်ထားပြီး ဒီလ ၃၀ ရက်နေ့မှာ ကြေညာမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီမှာ ဖုန်းရဲ့ အဓိက Specs တချို့ကို အသိပေးထားပါတယ်။

Galaxy M31s ရဲ့ အဓိကအစိတ်အပိုင်း ၁ ခုက 64MP Quad ကင်မရာ ဖြစ်ပါတယ်။ အဲဒီ ကင်မရာနဲ့အတူ 8MP Ultrawide, 5MP Macro နဲ့ 5MP Depth ကင်မရာတွေ ပူးတွဲထားမယ်လို့ သတင်းထွက်နေပါတယ်။ Reverse Charging ထောက်ပံ့ထားတဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါလာနိုင်ပြီး Galaxy M31 မှာ 15W Charging ထည့်ထားပါတယ်။ M31s မှာတော့ ပိုကောင်းတဲ့ 25W Charging ပါလာနိုင်ပါတယ်။

M31 မှာ အရွယ်သေး Notch ပါလာပြီး M31s မှာတော့ Punch Hole နဲ့ အစားထိုးထားမှာပါ။ မျက်နှာပြင် အရွယ်အစား အတိအကျကို မသိရသေးပေမယ့် S-AMOLED မျက်နှာပြင် ထည့်ထားမှာပါ။ Amazon India က ဓါတ်ပုံအရ အနောက်ဘက်နဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာကို မမြင်ရတဲ့အတွက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားနိုင်ပါတယ်။

မကြာခင်က ထွက်လာတဲ့ သတင်းတွေအရ M31s ကို အိန္ဒိယမှာ ၂၀,၀၀၀ ရူပီးလောက်နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၃ သိန်း ၇ သောင်းလောက်ရှိနိုင်ပါတယ်။ Exynos 9611 Chipset, 6 GB  RAM, 128 GB  Storage နဲ့ Android 10 OS အခြေပြု One UI တွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina