Samsung Galaxy M စီးရီးကို ပိုပြီးအားကောင်းစေမယ့် နောက်ထပ် မိသားစုဝင်သစ် ပေါ်ထွက်လာမယ်ဆိုတာကတော့ သေချာသည်ထက်သေချာနေပါပြီ။ ဒါကို အခုထွက်ပေါ်လာတဲ့ Galaxy M41 ဒါမှမဟုတ် M51 လို့ယူဆရတဲ့ CAD-based render တွေက သက်သေခံနေပါတယ်။

သတင်းတွေမှာတော့ Samsung Galaxy M51 လို့ခေါ်တွင်နေကြပေမယ့် ဒါဟာ Galaxy M40 ကို ဆက်ခံမယ့် ဟန်းဆက်ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် M51 အနေနဲ့ ဖြန့်ချိဖို့ထက် M41 အနေနဲ့ပဲဖြန့်ချိဖွယ်ရှိတယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခြွင်းချက်တော့ ရှိနေပါတယ်။

ဒီဟန်းဆက်ဟာ 6.5-inch လက်မ မျက်နှာပြင်ရှိပါတယ်။ ဒါဟာ M40 ထက် 0.2-inch ပိုကြီးတဲ့အရွယ်အစားပါ။ ဒီအချက်ကိုထောက်ပြီး “M51” ဆိုတဲ့နာမည်နဲ့ ဖြန့်ချိဖွယ်ရှိတယ်လို့လည်း ဆိုနေကြတာ ဖြစ်ပါတယ်။ ဟန်းဆက်ရဲ့ ထုထည်ကတော့ ကင်မရာဘောင်ပါဝင်မယ်ဆိုရင် 162.6 x 77.5 x 8.5mm, 9.5mm ရှိပါတယ်။

ကျောဘက်ကင်မရာအိမ်ထဲမှာတော့ ကင်မရာသုံးလုံးတပ်ဆင်ထားတာကို တွေ့ရပါတယ်။ အသေးစိတ်အချက်အလက်တွေ မသိရသေးပေမယ့် အဓိကကင်မရာ၊ Ultrawide နဲ့ Micro ဒါမှမဟုတ် Depth sensor ဖြစ်နိုင်ပါတယ်။ ထိပ်ဖက်မှာတော့ 3.5mm headphone jack ပေါက်ရှိပြီး အောက်ခြေမှာတော့ USB-C ပေါက်ရှိပါတယ်။

ကျောဘက်ကိုယ်ထည်မှာ Fingerprint scanner ကို မြင်တွေ့ရတာကြောင့် In-display fingerprint မဟုတ်တော့ပါဘူး။ Samsung Galaxy M41 (ဒါမှမဟုတ်) M51 ကို ဒေါ်လာ ၂၅၀ ကနေ ၃၀၀ ကြား (၃ သိန်းခွဲကနေ ၄ သိန်း ၂ သောင်းကြား) ဈေးနှုန်းနဲ့ ရောင်းချနိုင်တယ်လို့ သိရပါတယ်။

Ref: GSM Arena