Samsung ဟာ Galaxy M51 ဖုန်းသစ်ကို ထင်ထားတာထက် ပိုစောစော မိတ်ဆက်လာမယ့် ပုံမှာ ရှိနေပြီး SM-M515F နံပါတ်နဲ့ ဟန်းဆက်ကို အခုတလော ခပ်စိတ်စိတ် တွေ့လာရပါတယ်။ အစောပိုင်း Leak တွေမှာ Triple-camera, နောက်ဘက် Fingerprint Scanner နဲ့ ဘယ်ဘက်မှာ Punch-hole ပါတဲ့ Display ဒီဇိုင်းတို့ ပါဝင်ခဲ့ပေမယ့် အခု ထွက်လာတဲ့ Press ဓါတ်ပုံ တွေအရ ဒီအချက်အလက်တွေ မှားယွင်းနေတာကို သိခဲ့ရပါတယ်။

Galaxy M51 ရဲ့ နောက်ဘက်မှာ “L” ပုံသဏ္ဍာန် နေရာချထားတဲ့ ကင်မရာလေးလုံး ပါဝင်ပြီး Fingerprint Scanner ကိုလည်း ဖုန်းရဲ့ ညာဘက်မှာရှိတဲ့ Power Button ပေါ်မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။ ဆဲလ်ဖီး ကင်မရာက Punch-hole ပဲ ဖြစ်ပေမယ့် ဘေးဘက်တွေမှာ မဟုတ်ဘဲ အလည်တည့်တည့်မှာပါ။

Specs တွေက အတိအကျ ပြောဖို့ နည်းနေသေးပေမယ့် ကြီးမားတဲ့ 7,000 mAh ဘက္ထရီကို 25W Fast Charging နဲ့ တွဲဖက်ထားတယ်။ အတွင်းမှာ Snapdragon 730 ချစ်ပ်ဆက်နဲ့ 8GB RAM တို့ ပါဝင်ပြီး အဓိက ကင်မရာက 64MP ဖြစ်ပါတယ်။

Fingerprint ကို ဘေးဘက်ပို့ထားတဲ့အတွက် Display Panel အမျိုးအစားဟာ LCD ဖြစ်ဖို့ များပါတယ်။ သေးငယ်တဲ့ Bezel ဘောင်တွေနဲ့ Flat Screen ကိုလည်း မြင်တွေ့ရပြီး အောက်ဘက် Bezel ကတော့ နည်းနည်းပိုထူပါတယ်။ Galaxy M51 ရဲ့ အောက်ဘက်ကို သေချာမမြင်ရပေမယ့် USB-C Port ရဲ့ဘေးမှာ 3.5mm Audio Jack ပါဝင်မှာပါ။

နောက်ထပ် သတင်းတစ်ခုမှာ ဒီဖုန်းကို စက်တင်ဘာရဲ့ ဒုတိယ လဝက်မှာ မိတ်ဆက်လာမယ်လို့ ဆိုထားပြီး စျေးနှုန်းက အိန္ဒိယ ရူပီး ၂၅,၀၀၀ ကနေ ၃၀,၀၀၀ (မြန်မာငွေ လေးသိန်းခွဲ မှ ငါးသိန်းခွဲ) အတွင်း သတ်မှတ်လာမယ်လို့ ယူဆရပါတယ်။

Ref – GSMArena