Samsung Galaxy Note 20 ရဲ့ Render ပုံတွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ Galaxy Note 20 Plus အတွက် ဒီဇိုင်း Render ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။ နာမည်ကျော် Leakster တစ်ဦးဖြစ်တဲ့ OnLeaks မှ ဖော်ပြလာတာဖြစ်တာကြောင့် တကယ့်ဒီဇိုင်းနဲ့ နီးစပ်မှာတော့ သေချာပါတယ်။

မြင်လိုက်တာနဲ့ တန်းပြီးသတိထားမိမှာကတော့ Galaxy Note 20 Plus ရဲ့နောက်ဘက်က ကြီးမားထူထဲတဲ့ ကင်မရာပါပဲ။ ဒီကင်မရာကြီးရဲ့တည်နေရာက တိုင်းတာမယ်ဆိုရင် အထူက 10.7mm ထိ ရှိမှာပါ။ ဒါကိုထည့်မတွက်ရင်တော့ 7.6mm သာရှိပြီး Galaxy Note 10 Plus နဲ့ Galaxy S20 Ultra တို့ထက် အနည်းငယ်ပိုပါးမှာဖြစ်ပါတယ်။

ပုံထဲမှာမြင်ရတာတော့ နောက်ဘက်ကင်မရာက အနည်းဆုံးလေးလုံးပါမှာပါ။ သုံးခုက အရွယ်အစား သိသိသာသာကြီးပြီး ဒေါင်လိုက်စီတန်းထားကာ Periscope Lens ကတော့ တတိယမြောက်လို့ ထင်ရပါတယ်။ Flash ရဲ့ အောက်မှာ စတုတ္ထနဲ့ Depth Sensor လေးကို မြင်ရမှာပါ။

အရင်မျိုးဆက် ဒီဇိုင်းနဲ့ ကွာခြားမှုတော့ သိပ်မရှိဘဲ Punch-hole ဒီဇိုင်းနဲ့ 6.9” Curved Display ကိုပဲ ပြန်မြင်ရမှာပါ။ ပုံမှန် Note 20 အရွယ်အစားကလည်း သိပ်မကွာဘဲ 6.7” ရှိမှာဖြစ်ပါတယ်။ S Pen နေရာထားမှုက Galaxy Note 20 Plus မှာလည်း ပြောင်းလဲထားပါတယ်။ Note 20 Render မှာမြင်ရသလိုပဲ ပုံမှန်ညာဘက်မှာ နေရာချထားနေကြ Stylus နေရာကို အောက်ဘယ်ဘက်ထောင့်မှာ ထည့်ထားပါတယ်။

နောက်ထပ် USB-C Port နဲ့အတူ စပီကာပေါက်၊ S Pen Slot ဘေးက မိုက်တို့ကို မြင်ရမှာပါ။ စိတ်မကောင်းစရာက Samsung ဟာ သူတို့ရဲ့ ပရီမီယံအဆင့် ဟန်းဆက်တွေမှာ 3.5mm Audio Jack ကို ချန်ထားခဲ့ပြီဖြစ်လို့ Note 20 စီးရီးမှာလည်း တွေ့ရမှာမဟုတ်ပါဘူး။

Galaxy Note 20 နဲ့ Note 20 Plus တို့ရဲ့ Render တွေက အတော်လေးဆင်တူနေပြီး ထုံးစံအတိုင်း စျေးနှုန်းနဲ့ Specs တွေကသာ ကွာခြားလာမယ်လို့ ယူဆရပါတယ်။

Ref – AndroidAuthority