ဒီနေ့ခေတ်စမတ်ဖုန်းဈေးကွက်မှာ Mid-range တွေရဲ့ ရောင်းအားဟာ ကုမ္ပဏီတိုင်းအတွက် မက်လောက်စရာ ဖြစ်နေတာပါ။ တရုတ်အမှတ်တံဆိပ်တွေကအစပြု ချဲ့ထွင်ခဲ့တဲ့ Mid-range နယ်ပယ်ဟာ Samsung လို ဈေးကွက်ဦးဆောင် အမှတ်တံဆိပ်ကိုတောင် မဟာဗျူဟာတွေ ပြောင်းလဲစေတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ သုံးစွဲသူတွေရဲ့ တောင်းဆိုမှုက ဈေးနည်းနည်းနဲ့ အရည်အသွေးမြင့်မြင့်ကို ဦးတည်လာကြပါတယ်။ Mid-range ပိုင်းမှာတော့ သူ့အိုးနဲ့သူဆန် တန်သ၍ ဆိုပြီးလုပ်လို့ရပေမယ့် Flagship ပိုင်းမှာတော့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချဖို့အတွက် အတော်လေးခက်ခဲပါတယ်။

ဒါကြောင့်လည်း အဓိကဟန်းဆက်အပေါ်မှာ အပြည့်အဝအာရုံစိုက်ပြီး၊ အခြားဆက်စပ်ပစ္စည်းတွေကိုပဲ ချန်လှပ်လာတဲ့ ပုံစံတွေ ပြောင်းလဲကျင့်သုံးလာကြတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Processor ပိုင်း၊ RAM ပိုင်း၊ Storage ပိုင်း၊ ကင်မရာပိုင်း စတာတွေမှာ ဝိတ်မလျှော့ပေမယ့် Charger ပိုင်းနဲ့ အခြား Gadget ပိုင်းမှာ ဝိတ်လျှော့လာတာမျိုး ဖြစ်ပါတယ်။

အစောပိုင်းပေါက်ကြားမှုတွေမှာ လာမယ့် Samsung Galaxy Note 20 တွေဟာ USB Power Delivery standard ကတစ်ဆင့် 45W အထိ အမြန်အားသွင်းခြင်းကို လုပ်ဆောင်နိုင်မယ်လို့ သတင်းထွက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီဟာ အစဉ်အလာအတိုင်း ပိုနှေးတဲ့ 25W charger ကိုပဲ ဘူးထဲထည့်ပေးထားမယ်လို့ သိရပါတယ်။

Leakster တစ်ဦးဖြစ်တဲ့ @rquandt ကလည်း Galaxy Note 20 နဲ့ Note 20 Ultra တို့ဟာ ဘူးထဲမှာ 25W charger တွေနဲ့အတူ ဈေးကွက်ထဲရောက်လာမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ တစ်ဘက်ကကြည့်မယ်ဆိုရင်လည်း၊ (Galaxy Note 10 နဲ့ Note10+ review တွေအရ) 25W နဲ့ 45W ကြားအားသွင်းမှုဟာ ကြီးမားတဲ့ ကွာဟချက်ရှိမနေတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် Galaxy Note 20 စီးရီးတွေမှာတော့ ကွဲပြားခြားနားသွားနိုင်တာကြောင့် ဆက်ပြီးတော့ စောင့်ကြည့်ဖို့ လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။

Ref: GSMArena