Samsung ဟာ Galaxy Note20 စီးရီးကို လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီမိတ်ဆက်ပွဲမှာ Galaxy Note20 အပါအဝင် Galaxy Note20 Ultra (ဒါမှမဟုတ် ပိုကြီးတဲ့အမျိုးအစားအဖြစ် သိကြတဲ့ Note20+) စတာတွေကို ပွဲထုတ်သွားပါလိမ့်မယ်။

တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ 2020 Note Lineup အကြောင်းအသေးစိတ်ကို တရားဝင်ထုတ်ဖော်ကြေညာခြင်းမရှိသေးပေမယ့် ပေါက်ကြားသတင်းတွေကတော့ အ တော်လေးကို များနေခဲ့ပါပြီ။ သိပ်မကြာခင်အချိန်တုန်းကလည်း ပကတိပြင်ပဓါတ်ပုံအချို့ပေါက်ကြားခဲ့တာကြောင့် ဒီဟန်းဆက်တွေဟာ တရားဝင်မိတ်ဆက်ချိန်မှာ ဘယ်လိုပုံစံရှိနေမယ်ဆိုတာကို သိခဲ့ကြရပြီး ဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ ပုံရိပ်တွေမှာ S-Pen လည်း ပါဝင်ပါတယ်။ Galaxy Note အသစ်ရဲ့ ကညစ်ဟာ အရင်ဗားရှင်းတွေနဲ့ ကွဲပြားမှုမရှိဘူးဆိုပေမယ့် ဒီတစ်ခါမှာတော့ Pointer အဖြစ်ပါ အသုံးပြုနိုင်မယ့် Software feature လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီသတင်းကို တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ Jimmy Is Promo ထံကနေ ရရှိတာဖြစ်ပြီး သူဟာ micro-blogging network မှာ စမတ်ဖုန်းနဲ့ ကညစ်ကို တင်ခဲ့တာ ဖြစ်ပါတယ်။

ပုံတွေကဖော်ပြနေတာကတော့ S Pen ဟာ “S Pen pointer” သစ်အဖြစ် အသုံးပြုနိုင်မယ်ဆိုတဲ့အကြောင်း၊ Setting menu မှာ ဒီ Pointer ရဲ့ အမြန်နှုန်း၊ အရောင်နဲ့ အရွယ်အစားကိုလည်း စိတ်ကြိုက်ချိန်ညှိလို့ရမှာဖြစ်ကြောင်း၊ ဖော်ပြထားပါသေးတယ်။ S Pen Pointer အသုံးပြုပြီး Screen ပေါ်က icon တွေကို Select လုပ်တာ၊ UI navigate နဲ့ Area highlight လုပ်တာတွေလည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena