Samsung ဟာ Galaxy S20 ရဲ့ Fan Edition ကို ကြေညာဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီဖုန်းဟာ S20 Lite နာမည်နဲ့ ထွက်လာမှာ ဖြစ်ပြီး Snapdragon 865 Chipset နဲ့ 120Hz Refresh Rate တွေ ပါလာမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ဘက်ထရီ ပမာဏ သတင်းထွက်လာပါတယ်။

ဘက်ထရီရဲ့ မော်ဒယ်နံပါတ်ဟာ EB-BG781ABY ဖြစ်ပြီး 4,500mAh ပမာဏ ဖြစ်ပါတယ်။ ဒါဟာ Galaxy S20+ ရဲ့ ပမာဏနဲ့ တူညီပါတယ်။ S20 Fan Edition ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၆.၅ ကနေ ၆.၇ လက်မ အတွင်း ရှိမယ်လို့ သတင်းထွက်နေပြီး Infinity-O စတိုင် ပါလာမှာ ဖြစ်ပါတယ်။ sAMOLED Matrix အမျိုးအစား ဖြစ်ပြီး FHD+ Resolution ရှိမှာပါ။

အနောက်ဘက်မှာ 12MP Main , 12MP Ultrawide နဲ့ 3x Optical Zoom ထောက်ပံ့တဲ့ 8MP Telephoto ကင်မရာ ၃ လုံး ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံနိုင်ပြီး ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 4G ရော 5G Version ၂ မျိုးစလုံး ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး အရောင်တွေထဲမှာ အနီ၊ အဖြူ၊ အစိမ်းနဲ့ လိမ္မော်ရောင်တွေ ပါလာမှာပါ။

Galaxy S20 Fan Edition ကို တောင်ကိုရီးယားမှာ ဝမ် ၉ သိန်းနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၁၀ သိန်းလောက် ကျသင့်မှာပါ။ အောက်တိုဘာလလောက်မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena