ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ Samsung Galaxy S20 Fan Edition ရဲ့ အရောင် ၆ ရောင်ကို တွေ့မြင်ခဲ့ကြရပြီး အခုတော့ Evleaks က အဲဒီစွမ်းဆောင်ရည်မြင့် ဖုန်းကို ၃၆၀ ဒီဂရီ ပြထားတဲ့ ဗီဒီယိုတွေကို မျှဝေလိုက်ပြီး အစိမ်းနုရောင်နဲ့ အနီရောင် ဖြစ်ပါတယ်။ ဖုန်း ဒီဇိုင်းကိုလည်း အဲဒီမှာ သေသေချာချာလေ့လာနိုင်ပါတယ်။

ဘယ်ဘက်မှာ ဘာခလုတ်မှ မရှိဘဲ ညာဘက်မှာ ပါဝါနဲ့ အသံခလုတ်တွေ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Bixby Key ကိုလည်း တွေ့ရပြီး လက်ရှိ ရောင်းချထားတဲ့ Galaxy S20 Series နဲ့ လုံးဝထပ်တူ မကျအောင် ဖန်တီးထားပါတယ်။

အနောက်ကင်မရာ ၃ လုံးရဲ့ ဒီဇိုင်းက တူညီပေမယ့် S20 , S20+ ရဲ့ 64MP ကင်မရာကို 8MP 3x Zoom ကင်မရာနဲ့ အစားထိုးထားပါတယ်။ လက်ရှိ S20 တွေမှာ ဘေးဘက် အနည်းငယ် ကွေးညွှတ်တဲ့ မျက်နှာပြင် တပ်ဆင်ထားပြီး Fan Edition မှာတော့ မျက်နှာပြင်ပြားပဲ သုံးထားတာပါ။ မျက်နှာပြင်ဘေးဘောင်တွေကလည်း အနည်းငယ် ပိုထူပြီး S20+ ထက် အနည်းငယ် ပိုသေးတဲ့ မျက်နှာပြင် ပါလာနိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၄ လက်မ သို့မဟုတ် ၆.၅ လက်မလောက်ရှိနိုင်ပြီး FullHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ Samsung Galaxy S20 Fan Edition ကို အောက်တိုဘာလမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena