Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Galaxy S20 Series Flagship စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ပုံမှန် S20 နဲ့ S20+ ဖုန်းတွေအပြင် စျေးသက်သာတဲ့ Galaxy S10e လိုဖုန်းအစား စျေးပိုကြီးတဲ့ Galaxy S20 Ultra ကို မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Galaxy S20 Series ဟာ အနိမ့်ဆုံး Galaxy S20 ကို စျေးနှုန်း $999 (မြန်မာငွေ ၁၄ သိန်းခွဲဝန်းကျင်) နဲ့ Galaxy S20 Ultra ဆိုရင် $1,399 (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ကနေစတင်မှာဖြစ်ပါတယ်။ အခုလိုမျိုး စျေးနှုန်းမြင့်မားလာတဲ့အတွက် နာမည်ကြီး Analyst တစ်ခုဖြစ်တဲ့ Ming-Chi Kuo ကနေ အများအပြားရောင်းချရမယ်လို့ ခန့်မှန်းခဲ့ခြင်းမရှိပါဘူး။

Ming-Chi Kuo ရဲ့ ခန့်မှန်းချက်အရဆိုရင် Samsung Galaxy S20 Series စမတ်ဖုန်းတွေဟာ ယခုနှစ်မှာ အလုံးရေ ၃၂ သန်းဝန်းကျင်ရောင်းချရမယ်လို့ သိရပါတယ်။ ဒါက မနှစ်တုန်းက Samsung ကနေ ၂၀၁၉ ခုနှစ်အတွင်းမှာ Galaxy S10 Series ကို အလုံးရေ ၃၆ သန်းကနေ ၃၈ သန်းအထိ ရောင်းချခဲ့ရတာနဲ့ယှဥ်ရင် ပိုပြီးလျော့နည်းသွားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Ming-Chi Kuo ရဲ့ ခန့်မှန်းချက်ကို Counterpoint Research Firm ကတော့ ကန့်ကွက်ခဲ့ပြီး အဆိုပါ Counterpoint Research ရဲ့ အဆိုအရ Galaxy S20 Series ဖုန်းတွေဟာ မနှစ်တုန်းက S10 Series ထက်တောင် ပိုပြီး ရောင်းချရဖို့ရှိနေတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy S20 Series စမတ်ဖုန်းတွေဟာ စျေးနှုန်းအရတော့ Apple iPhone 11 Series ရဲ့ စျေးနှုန်းထက်တောင် များပြားနေတယ်ဆိုပေမယ့် မနှစ်တုန်းက Galaxy S10 Series ဖုန်းတွေကို $599 (မြန်မာငွေ ၈ သိန်း ၆ သောင်းဝန်းကျင်) ကနေ စျေးနှုန်းလျော့ချပြီး ရောင်းချနေတဲ့အတွက် ရွေးချယ်စရာပိုများလာပြီဖြစ်ပါတယ်။

Ref – Gizmo China