Samsung ရဲ့ မျိုးဆက်သစ် Flagship လိုင်း Galaxy S20 ဟာ လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး အရင်ဆုံး Galaxy S20 Ultra 5G မော်ဒယ်ကတော့ တရားဝင်ပိုစတာနဲ့ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီပိုစတာထဲမှာ မသိရသေးတဲ့ အချက်အလက်တွေ မပါပေမယ့် ယခင်ထွက်ပေါ်ထားတဲ့ Leak သတင်းထဲမှ ဒီဇိုင်းကိုတော့ အတည်ပြုပေးခဲ့ပါတယ်။

Galaxy S20 Ultra 5G ဟန်းဆက်ရဲ့ အခြား Specs တွေကို Samsung က မဖော်ပြလာခဲ့ပေမယ့် ဒီဖုန်းမှာ 5,000 mAh ဘက္ထရီကြီးနဲ့အတူ 45W Charger ကိုပါ ထည့်သွင်းပေးထားမယ် ဆိုတဲ့ အချက်ကိုတော့ သိခဲ့ရပါတယ်။ 5G ဟန်းဆက်တွေဟာ ပုံမှန်ထက် ဘက္ထရီအား ပိုစားတာကြောင့် ဘက္ထရီ Capacity တင်မကဘဲ Fast Charging စနစ်ကိုပါ အခုလို မြှင့်တင်လာရတာလို့ ယူဆရပါတယ်။

Samsung ဖုန်းတွေထဲမှာ 45W အားသွင်းစနစ်ပါဝင်လာတဲ့ ပထမဆုံး စမတ်ဖုန်း မဟုတ်သော်လည်း သီးသန့် ထပ်ဝယ်ရတာမဟုတ်ဘဲ Box ထဲမှာ တစ်ပါတည်း ထည့်သွင်းလာတာကတော့ ပထမဆုံးဖြစ်မှာပါ။ Galaxy S20 Ultra ဟာ 45W Fast Charger နဲ့ တစ်ပါတည်း တင်ပို့လာမယ့်အချိန်မှာ ရိုးရိုး S20 နဲ့ S20+ တို့ကတော့ 25W Charger တွေသာ ပါဝင်လိမ့်မယ်လို့ ဆိုပါတယ်။

အခုလာမယ့် Galaxy S Flagship မျိုးဆက်မှာ Samsung ဟာ ပုံမှန် 3.5mm Audio Jack ကိုဖြုတ်ချခဲ့မှာ ဖြစ်တာကြောင့် AKG-tuned USB-C ကြိုးနဲ့ Earphone တွေကိုပဲ ထည့်သွင်းပေးလာမယ်လို့လည်း သိရပါတယ်။

Galaxy S20 Ultra 5G ဟာ မော်ဒယ်သုံးမျိုးထဲမှာ ဈေးအကြီးဆုံးနဲ့ Specs အမြင့်ဆုံးလို့ ထင်ရကာ 6.9” လက်မ Infinity-O ဒီဇိုင်းနဲ့ Display ဟာ Refresh Rate 120Hz ပါဝင်မှာဖြစ်ပါတယ်။ 40MP ဆဲလ်ဖီကင်မရာနဲ့ 108MP အဓိက ကင်မရာတို့အသုံးပြုလာမှာပါ။ အတွင်းမှာ Exynos 990 ချစ်ပ်ဆက်နဲ့ 128 / 512 GB Storage ပါဝင်မှာ ဖြစ်ပါတယ်။

Ref – GSM Arena