Samsung Galaxy S20 Series စမတ်ဖုန်းတွေဟာ ယခုနှစ်အတွက် အစောဆုံးထွက်ရှိထားတဲ့ Flagship ဖုန်းတွေဖြစ်ပေမယ့် Camera ပိုင်းကို စစ်ဆေးတဲ့ DxOMark မှာတော့ အချိန်အတော်ကြာကြာအထိ ရလဒ်ကို မဖော်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ S20 Series ဖုန်းတွေထဲက အကောင်းဆုံးဖြစ်သလို Samsung ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 108MP Sensor ကို သုံးထားတဲ့ Galaxy S20 Ultra ကို DxOMark ကနေ စစ်ဆေးပြီး ရလဒ်ထုတ်ပြန်ခဲ့ပါတယ်။

DxOMark ရဲ့ ထုတ်ပြန်ချက်အရတော့ Samsung Galaxy S20 Ultra ဟာ စုစုပေါင်းရမှတ်အနေနဲ့ ၁၂၂ မှတ်ပဲ ရရှိခဲ့ပြီးတော့ Honor V30 Pro နဲ့ ရမှတ်တူညီသွားသလို လက်ရှိ Camera အကောင်းဆုံးဖုန်းတွေထဲမှာ နံပါတ် (၆) နေရာကိုပဲ ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီအတွက် Huawei P40 Pro ၊ Xiaomi Mi 10 Pro ဖုန်းတွေအပြင် မနှစ်တုန်းက Huawei Mate 30 Pro 5G ဖုန်းကပါ Samsung Galaxy S20 Ultra ထက် Camera ပိုင်းပိုကောင်းနေတယ်လို့တောင် ပြောလို့ရပါတယ်။

Samsung Galaxy S20 Ultra ဟာ Primary Sensor ကို 108MP 1/1.33″ Sensor ကိုအသုံးပြုထားတဲ့အပြင် 100x Digital Zoom အထိ Support ပေးတဲ့ 48MP 1/2.0″ Periscope Telephoto Sensor ၊ 12MP Ultrawide Sensor နဲ့ ToF DepthVision Sensor တွေကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ Video ပိုင်းမှာလည်း 8K Recording ကို Support ပြုလုပ်နိုင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

DxOMark ကတော့ Samsung Galaxy S20 Ultra ရဲ့ စိုတောက်တဲ့ Color တွေ၊ Dynamic Range နဲ့ Noise Control တွေကို ချီးကျူးခဲ့သလို Ultrawide Camera ကလည်း အကောင်းဆုံးလို့ပြောနိုင်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း Autofocus Performance ပိုင်းမှာ အားနည်းသလို Dynamic Range ပိုင်းမှာလည်း ပြိုင်ဘက်တွေဖြစ်တဲ့ Huawei P40 Pro နဲ့ Mi 10 Pro လိုဖုန်းတွေနဲ့ယှဥ်ရင် အနည်းငယ်အားနည်းနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ Zoom Shot တွေမှာလည်း Artifact တွေကို မြင်တွေ့ရတယ်လို့ သိရပါတယ်။

အသေးစိတ်အနေနဲ့ဆိုရင် Samsung Galaxy S20 Ultra ဟာ Photos ပိုင်းမှာ ၁၃၂ မှတ်ရရှိခဲ့ပြီး Videoo ပိုင်းမှာတော့ ၁၀၂ မှတ်ပဲရရှိခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ S20 Ultra ကို Camera ပိုင်း အကြီးအကျယ်ပြောင်းလဲခဲ့ပေမယ့် ထိပ်ဆုံး ၅ နေရာကိုတောင် မရယူနိုင်တာကတော့ စိတ်မကောင်းစရာပါ။

Ref – GSM Arena