Samsung Galaxy S21 Ultra ရဲ့ Render ရုပ်ပုံတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ ထွက်ပေါ်ခဲ့တာပါ။ ကနဦးထွက်ပေါ်ခဲ့တဲ့ Render တွေဟာ ဟန်းဆက်ရဲ့ မျက်နှာပြင်ရော၊ ကျောဘက်ပိုင်းကိုပါ ရှင်းလင်းစွာ ဖော်ပြခဲ့ပါတယ်။ အခုတော့ Galaxy S21 Ultra ရဲ့ Render အသစ် ထွက်ပေါ်လာတာကို တွေ့ရပါတယ်။

Old Render

အသစ်ထွက်လာတဲ့ Galaxy S21 Ultra ရဲ့ Render ဟာ ကနဦး Render နဲ့ အနည်းငယ်ပဲ ကွဲလွဲမှုရှိတာကို တွေ့မြင်ရပါတယ်။ အဓိက ပြင်ဆင်လိုက်တဲ့အပိုင်းက ကျောဘက်ကင်မရာတွေမှာ ဖြစ်ပါတယ်။ Render သစ်ကို ယူဆောင်လာတာက OnLeaks ဖြစ်တာကြောင့် ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာရပါတယ်။

Render သစ်မှာလည်း ကျောဘက်ကင်မရာအိမ်ပုံစံကတော့ အဟောင်းနဲ့အတူတူပဲ ဖြစ်ပါတယ်။ အဓိကကင်မရာတွေ နေရာချထားတာလည်း အတူတူပါပဲ။ ဒါပေမယ့် ကနဦး Render တွေမှာမပါဝင်တဲ့ ကင်မရာတစ်လုံးက Render သစ်မှာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Render သစ်အရ Galaxy S21 Ultra ကျောဘက်ကင်မရာ ၅ လုံး တပ်ဆင်ထားတယ်လို့ ယူဆနိုင်ပါတယ်။

New Render

ပဥ္စမမြောက်အရာဟာ ကင်မရာပုံစံနဲ့ တူတယ်ဆိုပေမယ့်၊ ဒါဟာ ကင်မရာလား၊ ဒါမှမဟုတ် အာရုံခံကိရိယာ (3D ToF sensor) လားဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ ဒီအရာဟာ ကနဦး Render က LED ဖလက်ရှ်ကို နေရာအနည်းငယ်ရွှေ့လိုက်ပြီး အပေါ်ဘက်မှာ တပ်ဆင်ထားတဲ့ပုံစံလည်း ဖြစ်ပါတယ်။

ကောလာဟလတွေအရ Samsung Galaxy S21 Ultra ဟာ 108MP အဓိကကင်မရာနဲ့ 40MP Selfie ကင်မရာ တွေ ပါဝင်မယ်လို့ သိရပါတယ်။ လက်ရှိအချိန်ကတော့ Resolution နဲ့သက်ဆိုင်တဲ့ အဆင့်မြှင့်တင်မှုတွေရှိ၊ မရှိနဲ့ အခြားကင်မရာ Module တွေရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကိုလည်း မသိရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Galaxy S21 Ultra ဟာ Galaxy S20 Ultra ထက် အနည်းဆုံး ကျောဘက်ကင်မရာတစ်လုံး ပိုမယ်ဆိုတာပါပဲ။

Ref: GSM Arena