Smartphone ထုတ်လုပ်သူတွေဟာ မျက်နှာပြင်ပြည့်စမတ်ဖုန်းအတွက် နှစ်အတော်ကြာ ကြိုးစားအားထုတ်ခဲ့ကြပါတယ်။ အပြစ်အနာအဆာကင်းတဲ့ မျက်နှာပြင်ပြည့်ဖြစ်ဖို့အတွက်၊ ပတ်လည် Bezel တွေ ကျဉ်းနိုင်သမျှကျဉ်းဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြံဆခဲ့ကြပါတယ်။

မျက်နှာပြင်ပြည့်စမတ်ဖုန်းဖြစ်ဖို့အတွက် Pop-up mechanism ကိုအသုံးပြုသလို၊ Punch-hole တွေကိုလည်း အသုံးပြုလာကြပေမယ့် နောက်တစ်ဆင့်ကိုရောက်ဖို့တော့ လိုအပ်နေပါသေးတယ်။ အသုံးပြုသူတွေတောင်းဆိုတဲ့ မျက်နှာပြင်ပြည့်စစ်စစ်ဖြစ်ဖို့ဆိုရင် Under-display camera ကလည်း အတော်လေးနှစ်ခြိုက်စရာ ဖြစ်ပါလိမ့်မယ်။

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးကတော့ Selfie ကင်မရာကို မျက်နှာပြင်အောက်မှာဝှက်ထားဖို့အတွက် နောက်ထပ်နည်းလမ်းသစ်တစ်ခုကို တွေ့ရှိခဲ့ပြီလို့ ယူဆရပါတယ်။ Samsung ကတင်ထားတဲ့ မူပိုင်ခွင့်ဒီဇိုင်းသစ်အရ Sub-display ကို အသုံးပြုတဲ့ နည်းလို့ ဆိုရပါလိမ့်မယ်။

လွန်ခဲ့တဲ့ ဇွန်လတုန်းက Samsung Electronic ဟာ WIPO (World Intellectual Property Office) ကို Sub-display ပါဝင်ပြီး Operating method တူညီတဲ့ အီလက်ထရောနစ်ကိရိယာ အဖြစ် မူပိုင်ခွင့်တင်ခဲ့ဖူးပါတယ်။ ဒီစာရွက်စာတမ်းတွေဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အတည်ပြုချက်ရခဲ့ကြောင်း ထုတ်ပြန်လာပါတယ်။

မူပိုင်ခွင့်အရ Device မှာ အသုံးမပြုချိန် လုံးဝကိုဖုံးကွယ်ထားနိုင်တဲ့ Selfie ကင်မရာပါဝင်တယ်လို့ သိရပါတယ်။ ဒီအတွက် တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက ရှုပ်ထွေးတဲ့နည်းလမ်းကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။ ကင်မရာထားရှိတဲ့ နေရာသီးသန့်မှာ ဖောက်ထွင်းမြင်နိုင်တဲ့ မျက်နှာပြင်ကို တပ်ဆင်ထားရှိးမယ့်ပုံစံမျိုး ဖြစ်ပါတယ်။

Selfie ကင်မရာကို အသုံးမပြုချိန်မှာ ဖုံးကွယ်ထားနိုင်ဖို့အတွက် ဒုတိယမြောက်မျက်နှာပြင်ကို ဖောက်ထွင်းမြင်နိုင်တဲ့မျက်နှာပြင်ဧရိယာနေရာကို ပို့ဆောင်ထားမှာ ဖြစ်ပါတယ်။ နည်းလမ်းဟာ အနည်းငယ်ရှုပ်ထွေးပြီး၊ အမှန်တကယ်အလုပ်ဖြစ်၊ မဖြစ်၊ ဈေးကွက်ထဲမှာ အောင်မြင်မှုရနိုင်၊ မရနိုင် မသေချာသေးပါဘူး။ ဒါ့အပြင် Under-display selfie camera က အားသာချက်၊ အားနည်းချက် ဘာတွေရှိနိုင်မလဲဆိုတာ မသိရသေးပါဘူး။

ဒါပေမယ့် Samsung ရဲ့ မူပိုင်ခွင့်ထဲကနည်းလမ်းက အဓိကမျက်နှာပြင်နဲ့၊ Selfie ကင်မရာရဲ့ ပုံရိပ်ဖမ်းယူမှုအတွက် ကာဆီးနေတဲ့ ပြဿနာတွေကို ပြေလည်စေနိုင်တဲ့ အဖြေတစ်ခုလည်း ဖြစ်လာနိုင်တာတော့ အမှန်ပါ။ LetsGoDigital ကတော့ ဒီနည်းပညာကို Samsung ရဲ့ အနာဂတ်စွမ်းဆောင်ရည်မြင့်ဟန်းဆက်မှာ တွေ့မြင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၂ ခုနှစ်ထုတ် Galaxy S22 မှာ တွေ့မြင်ရဖွယ်ရှိတယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။

ဒီနည်းပညာဟာ အခုအချိန်ထိ မူပိုင်ခွင့်အဆင့်မှာပဲ ရှိနေသေးတာဖြစ်ပြီး၊ လက်တွေ့အကောင်အထည်ဖော်နေခြင်းရှိ၊ မရှိကိုလည်း မသိရသေးတာကြောင့် ပိုပြီးပြည့်စုံတဲ့ သတင်းသစ်တွေထွက်လာဖို့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina