Samsung Galaxy S22 Ultra ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံ တချို့ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် Dummy ဓါတ်ပုံတွေ ဖြစ်ပြီး တကယ့် ဖုန်း မဟုတ်ဘဲ တုပ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စမတ်ဖုန်း ဒီဇိုင်းကို အဲဒီ ဓါတ်ပုံတွေကနေ လေ့လာနိုင်ပါတယ်။

အနောက် ကင်မရာ တပ်ဆင်ထားပုံတွေက အရင်ထွက်ခဲ့တဲ့ ဓါတ်ပုံတွေနဲ့ တူညီနေပါတယ်။ ဓါတ်ပုံတွေမှာ Galaxy S22 Ultra ရဲ့ ငွေရောင်နဲ့ အနက်ရောင် မော်ဒယ်တွေကို တွေ့မြင်ရပြီး S Pen ကိုလည်း Slot မှာ တပ်ဆင်ထားပါတယ်။

Galaxy S22 Ultra ရဲ့ တခြား သတင်း ၁ ပုဒ်ကို ပြောပြချင်ပါတယ်။ အဲဒီ စမတ်ဖုန်းအတွက် 1TB Storage Version ထုတ်လုပ်ထားမှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်ထုတ် Galaxy S10+ 12GB/1TB ပြီးနောက် ပထမဆုံး 1TB Storage ပါလာတဲ့ Samsung ရဲ့ စမတ်ဖုန်း ဖြစ်လာမှာပါ။ လက်ရှိမှာ 1TB စမတ်ဖုန်းများစွာထွက်ပေါ်လာနေပြီ ဖြစ်ပြီး အဲဒီအထဲမှာ iPhone 13 Pro/ Pro Max တို့ ပါဝင်သလို နောက်ထွက်မယ့် realme GT 2 Pro မှာလည်း 1TB Storage ပါလာနိုင်ပါတယ်။

Samsung ဟာ 1TB Version မှာ ဗီဒီယို အသားပေး လုပ်ဆောင်ချက်တွေ ထည့်သွင်းထားမလားဆိုတာ မသိရသေးပါဘူး။ Apple iPhone 13 Pro Series ရဲ့ 256GB, 512GB နဲ့ 1TB မော်ဒယ်တွေမှာ ProRes-30fps 4K နဲ့ 128GB မော်ဒယ်တွေမှာ 1080p 30fps ဗီဒီယိုတွေ ရိုက်ကူးနိုင်အောင် ဖန်တီးပေးထားပါတယ်။

Ref : gsmarena