Samsung Galaxy S22 Ultra ကို အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယို ထွက်လာပြီး ထူးခြားတာက ကားနဲ့တက်ကြိတ်တာတောင် မပျက်ဆီးဘဲ အသုံးပြုလို့ရနေသေးတာ ဖြစ်ပါတယ်။ Galaxy S22 Ultra ကို ရေထဲနှစ်တာ အပါအဝင် စမ်းသပ်မှုများစွာကို ပြုလုပ်ပြခဲ့ပြီး Samsung ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် စမတ်ဖုန်းဟာ စမ်းသပ်မှုအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Samsung Galaxy S22 Ultra Burgundy

ပြီးခဲ့တဲ့ ရက်အနည်းငယ်က Samsung Galaxy S22+ ရဲ့ အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယို ထွက်ပေါ်ခဲ့ပြီး စွမ်းဆောင်ရည် အလွန်ကောင်းတာတွေ့ရပါတယ်။ Galaxy S22 ဟာလည်း အကြမ်းခံ စမ်းသပ်မှု အားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အခုတော့ PBK Reviews က Galaxy S22 Ultra ရဲ့ အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယိုကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass Victus+ နဲ့ ကာကွယ်ထားပြီး အရမ်း အကြမ်းခံသလို ခြစ်ရာတွေကို ကာကွယ်ပေးရာမှာလည်း အစွမ်းထက်ပါတယ်။

Galaxy S22 Ultra ရဲ့ ဖရိမ်တွေဟာ အရင်မျိုးဆက် Galaxy S21 Ultra ထက် ပိုမိုမာကျောလာပြီး ခြစ်ရာတွေ သိပ်မထင်ပါဘူး။ ကွန်ကရစ် လမ်းပေါ်တင်ပြီး ကားနဲ့ တက်ကြိတ်တဲ့အခါမှာ သိသိသာသာ ပျက်ဆီးသွားတာ မရှိဘဲ အကောင်း ပကတိအတိုင်း အသုံးပြုလို့ရတာကို အံ့အားသင့်စရာ တွေ့ရပါတယ်။ ရေထဲနှစ်ကာ စမ်းသပ်ရာမှာလည်း ဖုန်းကို ထိခိုက်ပျက်ဆီးမှု မရှိပါဘူး။

Ref : gizmochina