Samsung Galaxy Tab S6 Lite ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားနေပြီး Amazon Germany မှာလည်း စာရင်းတင်ထားပါတယ်။ အခုတော့ အမေရိကန်ရဲ့ B&H စတိုးမှာ စာရင်းတင်လိုက်ပြီး Specs နဲ့ ဈေးကို သိလာရပါပြီ။ Tab S6 Lite မှာ ၁၀.၄ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး WiFi Version ကို ၃၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်း ၉ သောင်းလောက် ရှိပါတယ်။

B&H ရဲ့ Specs တချို့ဟာ အရင်ပေါက်ကြားထားတာနဲ့ ကွဲလွဲနေပြီး တချို့ဟာ စာရိုက်မှားနေတာ ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ မျက်နှာပြင် အရွယ်အစားကို ၁၀.၁ လက်မလို့ ဖော်ပြထားပြီး အရင်ကတော့ ၁၀.၄ လက်မလို့ သိခဲ့ရပါတယ်။ Resolution ကို 2000x1000p လို့ ဖော်ပြထားပြီး WUXGA+ မဟုတ်ပါဘူး။ အရင်ကတော့ 2000x1200p လို့ သိခဲ့ရတာပါ။

အဓိက အစိတ်အပိုင်း ဖြစ်တဲ့ Chipset မှာလည်း ကွဲပြားမှု ရှိနေပြီး B&H က Exynos 9610 လို့ ဖော်ပြထားပါတယ်။ အရင်ကတော့ Exynos 9611 သုံးထားမယ်လို့ သိခဲ့ရပြီး အဲဒီ Chipset ကို Galaxy A51 နဲ့ Galaxy M31 လို ဖုန်းအသစ်တွေမှာလည်း ထည့်သွင်းထားပါတယ်။ Exynos 9610 ကိုတော့ အရင်နှစ်ထုတ် Galaxy A50 မှာ သုံးထားခဲ့ပါတယ်။

Samsung ဟာ Galaxy S10 Lite နဲ့ Galaxy Note 10 Lite တို့လို ဖုန်း အသစ်တွေမှာ SoC အဟောင်းတွေ ထည့်သွင်းပေးခဲ့ဖူးပါတယ်။ Samsung က Galaxy Tab S6 Lite ရဲ့ Specs အပြည့်အစုံကို တရားဝင် ကြေညာမယ့် အချိန်ကို စောင့်ရမှာပါ။

Ref : gsmarena