Samsung ရဲ့ လာမယ့် Flagship တက်ဘလက်ဟာ လမ်းကြောင်းပေါ်ရောက်နေပြီလို့ သိရပါတယ်။ ဒီတက်ဘလက်ကို လာမယ့် သြဂုတ်လမှာကျင်းပမယ့် Event ကြီးအတွင်း Note20 စီးရီး၊ Galaxy Fold 2၊ Galaxy Z Flip 5G တို့နဲ့အတူ ပွဲထုတ်လာဖွယ်ရှိပါတယ်။

အခုအချိန်မတိုင်မီထွက်ပေါ်လာတဲ့ ပေါက်ကြားသတင်းတွေအရ Galaxy Tab S7 မှာ Plus မော်ဒယ်တစ်မျိုးလည်း ရှိဦးမယ်လို့ ဆိုခဲ့ကြပါတယ်။ အခုအချိန်မှာတော့ Tab S7+ နဲ့ပတ်သက်တဲ့ တရားဝင်စာရွက်စာတမ်းအချို့၊ ဓါတ်ပုံအချို့အပြင် တက်ဘလက်ရဲ့ ကြီးမားတဲ့ ဘက်ထရီအကြောင်း အချက်အလက်တွေပါ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

အစောပိုင်းပေါက်ကြားမှုတွေမှာ ကြီးမားတဲ့ ဘက်ထရီတပ်ဆင်ထားမယ်လို့ ဆိုခဲ့ပေမယ့် အတိအကျမဟုတ်ခဲ့ပါဘူး။ အခုတော့ TUV Rheinland နဲ့ Safety Korea တို့ကထွက်လာတဲ့ အသိအမှတ်ပြုစာရွက်စာတမ်းတွေအရ Tab S7+ မှာ 9,800mAh (Typical 10,090mAh) ပမာဏ ဘက်ထရီကို တပ်ဆင်ထားမယ်လို့ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Tab S7 မှာတော့ 7,760mAh ပမာဏပဲ သုံးထားမယ်လို့ ဆိုပါတယ်။

Tab S7 နဲ့ Tab S7+ နှစ်ခုကြား အဓိကကွာခြားချက်က အရွယ်အစား ဖြစ်ပါတယ်။ Tab S7+ ဟာ 12.3-inch ဒါမှမဟုတ် 12.4-inch အရွယ်အစား မျက်နှာပြင်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့မျိုးဆက် Tab S6 ထက်ကြီးမားလာတာကတော့ မြင်သာပါတယ်။ ဒါတင်မကသေးဘဲ 120Hz refresh rate မျက်နှာပြင်၊ Snapdragon 865 chipset ဖြစ်ပြီး 5G လည်း ချိတ်ဆက်နိုင်မယ်လို့ သိရပါတယ်။

Ref: GSM Arena