LetsGoDigital က Samsung ရဲ့ ဆန့်ထုတ်နိုင်တဲ့ မျက်နှာပြင် ပါတဲ့ စမတ်နာရီ Patent ကို တွေ့ရှိခဲ့ပြီး အဲဒီ လုပ်ဆောင်ချက်ကို Galaxy Watch 5 မှာ ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း ဒီလို နည်းပညာမျိုး ထွက်ရှိဖို့ အချိန်စောသေးတယ်လို့ ပြောလို့ရပါတယ်။

Galaxy Watch 4 နဲ့ 4 Classic တို့ကို ပြီးခဲ့တဲ့ ဩဂုတ်လမှာ ဖြန့်ချိခဲ့ပြီး Samsung ရဲ့ ကိုယ်ပိုင် Tizen OS အစား Google ရဲ့ Wear OS ထည့်သွင်းထားပါတယ်။ ထုံးစံအတိုင်းဆိုရင် Samsung ရဲ့ နောက်မျိုးဆက် Galaxy Watch 5 ကို ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ကြေညာနိုင်ပါတယ်။

Expandable display for Samsung Galaxy Watch 5

Samsung ရဲ့ Patent အရ စမတ်နာရီရဲ့ မျက်နှာပြင်ကို လက်နှစ်ချောင်းနဲ့ ပွတ်ဆွဲကာ ဆန့်ထုတ်နိုင်မှာ ဖြစ်ပြီး မျက်နှာပြင် ဧရိယာဟာ ၄၀ ရာခိုင်နှုန်း ပိုကြီးမားလာမှာ ဖြစ်ပါတယ်။ Crown ကနေလည်း အဲဒီလို မျက်နှာပြင်ကို ဆန့်ထုတ်လို့ရပါတယ်။ မျက်နှာပြင် ၂ ခြမ်းရဲ့ကြားက နေရာလွတ်မှာ အရွယ်သေး ကင်မရာ ၁ လုံးနဲ့ Flash ၁ လုံး ထည့်သွင်းထားနိုင်တဲ့အတွက် စမတ်ဖုန်း မလိုဘဲ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy Watch 5 would feature an extendable display and a camera

Patent တွေရဲ့ ထုံးစံအတိုင်းပဲ တကယ့် ထုတ်ကုန် အဖြစ်ထွက်လာမယ်လို့ မပြောနိုင်သေးပါဘူး။ Samsung က အဲဒီ နည်းပညာကို စဉ်းစားနေပုံရပြီး မကြာခင် ထုတ်ကုန်တွေမှာ ထည့်သွင်းပေးမယ်လို့ ကျိန်းသေ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် အနာဂတ် Samsung Galaxy Watch စမတ်နာရီတွေမှာ အဲဒီ နည်းပညာ ပါလာမယ်ဆိုရင်တော့ ပြိုင်ဖက်တွေထက် ထူးခြားဆန်းသစ်နေမှာ သေချာပါတယ်။

Ref : techstory