မကြာခင်က သတင်းတွေအရ Samsung ဟာ Galaxy Watch4 Series ကို ဩဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာမယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ ကြေညာမယ့် Galaxy Z Fold3 နဲ့ Z Flip3 မတိုင်ခင် Galaxy Watch4 Series ကို ချပြမှာပါ။ အခုတော့ FCC မှာ Galaxy Watch4 ရဲ့ LTE နဲ့ WiFi Only Version ၂ ခုစလုံးကို မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး အဓိက Specs တချို့ကို သိလာရပါပြီ။

WiFi Only မော်ဒယ်ရဲ့ မော်ဒယ်နံပါတ်က SM-R880 ဖြစ်ပြီး LTE Version ကတော့ SM-885U ဖြစ်ပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ NFC , GNSS Positions နဲ့ Bluetooth ဆက်သွယ်မှုတွေ ထည့်သွင်းထားပြီး WiFi မော်ဒယ်မှာ Dual-band WiFi ဆက်သွယ်မှု ပါပါတယ်။ FCC က ဒေတာဘေ့စ်မှာ Internal Memory ကနေ သီချင်းတွေ ဖွင့်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ 5W Wireless Charging ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

ဆော့ဖ်ဝဲအကြောင်း ပြောရရင် Samsung ရဲ့ Tizen OS အစား Google Wear OS အခြေပြု OneUI မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Samsung ဟာ MWC 2021 နည်းပညာ ပြပွဲအတွင်း ဇွန်လ ၂၈ ရက်နေ့မှာ Watch Operating System အသစ်ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို ချပြနိုင်ပါတယ်။

Samsung Galaxy Watch4 ရဲ့ ကိုယ်ထည် အရွယ်အစားဟာ ၄၂ မီလီမီတာနဲ့ ၄၆ မီလီမီတာ ၂ မျိုး ထွက်လာနိုင်ပြီး Watch Active4 အတွက် ၄၀ မီလီမီတာနဲ့ ၄၂ မီလီမီတာ ၂ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gsmarena