Samsung က ကျန်းမာရေး၊ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ ဘဝနေထိုင်မှုကို အသားပေးထားတဲ့ Galaxy Watch5 Series ကို ကြေညာလိုက်ပြီး Watch5 40mm , 44mm နဲ့ Watch5 Pro 45mm စတဲ့ မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပါတယ်။

Samsung Galaxy Watch5

Samsung က Sapphire Crystal မျက်နှာပြင်ကို ပထမဆုံး အကြိမ် အသုံးပြုထားတာပါ။ ခြစ်ရာတွေကို ၆၀ ရာခိုင်နှုန်း ပိုမိုခံနိုင်ပြီး မော်ဒယ် ၃ မျိုးစလုံးမှာ ထည့်ထားတာပါ။ ရေအနက်မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး IP68 နဲ့ MIL-STD-810H စံနှုန်းတွေ ပါပါတယ်။

Watch5 40mm မှာ ၁.၂ လက်မ 396x396p မျက်နှာပြင်၊ 44mm နဲ့ Watch5 Pro မှာ ၁.၄ လက်မ 450x450p မျက်နှာပြင်တွေ ထည့်သွင်းထားပြီး မော်ဒယ်အားလုံးမှာ Always On Display ပါပါတယ်။ မော်ဒယ်အားလုံးမှာ ဟာ့ဒ်ဝဲ Rotating Bezel မပါလာပါဘူး။

Samsung Galaxy Watch5 Pro

Watch5 Pro ဟာ Samsung ရဲ့ စမတ်နာရီ အားလုံးထဲမှာ အမာကျောဆုံးနဲ့ လုပ်ဆောင်ချက် အများဆုံး ဖြစ်ပါတယ်။ Bezel က မျက်နှာပြင်ကို ကာကွယ်ထားပြီး တိုက်တေနီယမ် ကိုယ်ထည် တပ်ဆင်ထားပါတယ်။ Galaxy Watch အားလုံးထဲမှာ အကြီးဆုံး 590mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ရိုးရိုး မော်ဒယ်တွေမှာလည်း ဘက်ထရီကို အဆင့်မြှင့်ထားပြီး 40mm အတွက် 284mAh နဲ့ 44mm အတွက် 410mAh ကို သုံးထားပါတယ်။ Fast Charging နဲ့ ၈ မိနစ်အားသွင်းရင် ၈ နာရီ သုံးလို့ရပါတယ်။

မော်ဒယ် ၃ မျိုးစလုံးမှာ Exynos W920 Chipset မောင်းနှင်ထားပြီး 1.5GB RAM , 16GB Storage နဲ့ One UI Watch 4.5 ထည့်ထားပါတယ်။ မကြာခင်မှာ ဖုန်းနဲ့ ချိတ်ဆက်စရာ မလိုဘဲ Google Maps ကို နာရီတွေမှာ သုံးနိုင်တော့မှာပါ။ နာရီတွေမှာ GPS, GLONASS, Galileo နဲ့ BeiDou Receivers တွေ ထည့်သွင်းထားတဲ့အပြင် Compass, Barometer, Temperature Sensor, Accelerometer, Gyro နဲ့ Light Sensors တွေ ပါပါတယ်။ LTE မော်ဒယ်ကို ရွေးချယ်နိုင်ပြီး နာရီ အားလုံးမှာ Bluetooth 5.2, dual-band Wi-Fi 5 a/b/g/n နဲ့ NFC ထောက်ပံ့ထားပါတယ်။

ကျန်းမာရေးအတွက် နှလုံးခုန်နှုန်းတိုင်းတာတဲ့ လုပ်ဆောင်ချက်၊ ECG နဲ့ Bioelectrical Impedance (BIA) Sensor တွေ ထည့်သွင်းထားပြီး BIA က သင်လိုချင်တဲ့ ကိုယ်အလေးချိန်၊ အဆီ ရာခိုင်နှုန်း ရရှိအောင် ကူညီပေးမှာပါ။ Sleep Tracking က အိပ်စက်ချိန်မှာ ကောက်ယူထားတဲ့ အဓိက ဒေတာတွေကို နားလည်လွယ်အောင် ပြသပေးထားပါတယ်။ Sleep Habits Analysis က သင် အိပ်စက်တဲ့ Pattern တွေကို သင်္ကေတတွေနဲ့ ပြသပေးပြီး Sleep Coaching Program က သင် အိပ်ရေးဝစေဖို့ လနဲ့ချီကြာတဲ့ အစီအစဉ်ကို ပြုလုပ်ပေးပါတယ်။

Galaxy Watch5 Series ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၆ ရက်နေ့ရောင်းမှာပါ။ 40mm Bluetooth မော်ဒယ်ကို ၂၈၀ ဒေါ်လာ၊ LTE ကို ၃၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Graphite, Silver နဲ့ Pink Gold အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 44mm မော်ဒယ်အတွက် Graphite, Silver နဲ့ Sapphire အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Watch5 Pro Bluetooth မော်ဒယ်က ၄၅၀ ဒေါ်လာကစပြီး LTE ကို ၅၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Black Titanium နဲ့ Gray Titanium အရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena