Samsung ဟာ ဩဂုတ် ၅ ရက်နေ့မှာ ကျင်းပမယ့် Unpacked Event မတိုင်ခင်မှာပဲ Galaxy Z Flip 5G ကို စောပြီး ကြေညာလာခဲ့ပါတယ်။ သိထားတဲ့အတိုင်း ဒီဖုန်းမှာ Galaxy Z Flip ရဲ့ Specs အများစု ပြန်ပါလာပေမယ့် 5G Modem ပါတဲ့ Snapdragon 865+ ချစ်ပ်ဆက် အသစ်စက်စက်ရယ်၊ Mystic Bronze နဲ့ Mystic Grey ဆိုတဲ့ ကာလာအသစ်နှစ်မျိုးရယ် အသစ်ပါဝင်လာပါတယ်။

ကျန်တာကတော့ မပြောင်းလဲသလောက်ပါပဲ။ 5G မော်ဒယ်အသစ်ဟာ 0.1mm သာ ပိုထူလာပြီး အလေးချိန်ကတော့ 4G ဗားရှင်းနဲ့ အတူတူပါပဲ။ Galaxy Z Flip 5G ဖုန်းမှာ 6.7” လက်မအရွယ် Dynamic AMOLED Panel တစ်ခုနဲ့ အပြင်ဘက်ကာဗာမှာ 1.1” Super AMOLED Display တစ်ခုတို့ ပါဝင်ပါတယ်။

အပြင်ဘက်မှာ 12MP f/1.8 Sensor တစ်ခုနဲ့ 12MP Ultrawide အတွဲ ကင်မရာနှစ်လုံးပါဝင်ပြီး အတွင်းမှာတော့ ဆဲလ်ဖီးကင်မရာအတွက် Autofocus နဲ့ 10MP f/2.4 ကင်မရာတစ်လုံး ထည့်သွင်းထားပါတယ်။ One UI 2.1 ကြောင့် Z Flip 5G မှာ သီးသန့် Feature အချို့ကို သုံးစွဲနိုင်လာပြီး တချို့ App တွေကို နှစ်ခြမ်းခွဲပြတဲ့ Flex Mode လိုမျိုး Feature တွေကို တွေ့ရမှာပါ။

Galaxy Z Flip 5G ဖုန်းကို လာမယ့် ဩဂုတ် ၇ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး Mystic Bronze နဲ့ Mystic Grey ကာလာနှစ်မျိုးဖြင့်သာ ရရှိနိုင်ဦးမှာပါ။ အမေရိကန်မှာတော့ ဒေါ်လာ ၁၄၅၀ (မြန်မာငွေ သိန်း ၂၀) ဖြင့်ရောင်းချမှာဖြစ်ပြီး 4G မော်ဒယ်ထက် ဒေါ်လာ ၇၀ လောက်သာ ပိုပါတယ်။

အခုလို စောစောမိတ်ဆက်လိုက်တာကြောင့် Unpacked Event အတွက် Galaxy Note20 စီးရီး၊ Galaxy Z Fold 2 နဲ့ Galaxy Buds Live တို့ကိုသာ အာရုံစိုက်ဖို့ ကျန်တော့မှာပါ။ ဒါ့အပြင် Galaxy Tab S7 နှစ်လုံးကို မြင်ရနိုင်ခြေလည်း ရှိပါတယ်။

Ref – GSMArena