အထူးထုတ် Samsung Galaxy Z Flip Thom Browne Edition ကို တောင်ကိုရီးယားမှာ ရောင်းပေးလိုက်ပြီး အရမ်းမြန်မြန် ရောင်းကုန်သွားပါတယ်။ Samsung က ရောင်းချရတဲ့ အလုံးရေကို မပြောသေးပါဘူး။ Thom Browne Edition ဟာ တောင်ကိုရီးယားမှာ အရမ်း လူကြိုက်များနေပြီး ဝယ်ယူသူများလွန်းတဲ့အတွက် Samsung ရဲ့ ဝက်ဘ်ဆိုက် ယာယီရပ်ဆိုင်းသွားပါတယ်။ Samsung က အစောပိုင်းမှာ မြေပြင်စတိုးများစွာက ရောင်းဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် ဖျက်သိမ်းခဲ့ပါတယ်။

Thom Browne ဟာ နာမည်ကျော် အမေရိကန် ဖက်ရှင် ဒီဇိုင်နာ ဖြစ်ပြီး Galaxy Z Flip Thom Browne Edition မှာ အထူးထုတ် Package နဲ့ Accessory တွေ ပါလာပါတယ်။ အညို‌ရောင်ဖြစ်ပြီး အလယ်မှာ မျဉ်းကြောင်းတွေ ပါပါတယ်။ သားရေ Case အပြင် နောက်ထပ် Case ၁ ခုနဲ့ Thom Browne Galaxy Buds+ ၊ Thom Browne ဒီဇိုင်နာရဲ့ သားရေ လက်ပတ်ပါတဲ့ Galaxy Watch Active 2 တွေ ထည့်သွင်းထားပါတယ်။ အထူးထုတ် Wallpapers, Themes နဲ့ Sounds တွေ ပါပါတယ်။

ကိုရီးယားမှာ ၂,၉၇၀,၀၀၀ ဝမ်နဲ့ အမေရိကန်မှာ ၂,၄၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၅ သိန်းလောက်ရှိပါတယ်။ ရိုးရိုး Galaxy Z Flip ကို ဒေါ်လာ ၁,၃၈၀ ၊ Galaxy Buds+ ကို ၁၅၀ ဒေါ်လာနဲ့ Galaxy Watch Active 2 ကို ၂၅၀ ဒေါ်လာ သတ်မှတ်ထားပြီး Samsung Galaxy Z Flip Thom Browne Edition က ဒေါ်လာ ၇၀၀ ပိုများနေပါတယ်။ တောင်ကိုရီးယားမှာ Thom Brown Edition ကို မတ်လမှာ ပို့ဆောင်ပေးမှာပါ။

Ref : gsmarena