Samsung Galaxy Z Flip3 ကို မကြာခင်က တရုတ် ဆက်သွယ်ရေး ကော်မရှင် TENNA မှာ တွေ့ခဲ့ရပြီး ဘက်ထရီ ပမာဏနဲ့ ဖုန်း အရွယ်အစားတွေကို သိခဲ့ရပါတယ်။ အခုတော့ Samsung Galaxy Z Flip3 ရဲ့ အမေရိကန် မော်ဒယ်ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပါတယ်။ မော်ဒယ် နံပါတ်က SM-F7110U ဖြစ်ပြီး Qualcomm Snapdragon 888 Chipset မောင်းနှင်ထားတာ တွေ့ရပါတယ်။ အနည်းဆုံး 8GB RAM ပါလာနိုင်ပါတယ်။

Samsung Galaxy Z Flip3 specs revealed on Geekbench

Geekbench 5 နဲ့ စမ်းသပ်ချက်အရ Single-core မှာ ၁,၀၁၅ မှတ်နဲ့ Multi-core မှာ ၃,၁၆၁ မှတ် ရထားပါတယ်။ စမ်းသပ်ခဲ့တဲ့ Galaxy Z Flip3 မော်ဒယ်မှာ Android 11 အခြေပြု Samsung One UI Layer အုပ်ထားတာ ဖြစ်ပါတယ်။

Samsung ဟာ ဩဂုတ်လ ၁၁ ရက်နေ့မှာ Galaxy Z Flip3 , Z Fold3 နဲ့ Galaxy Buds2 တို့ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အရင်သတင်းတွေအရ Galaxy Z Fold3 မှာ တိုးတက်မှုများစွာ ပါလာမှာဖြစ်ပြီး  မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ အပြင် S Pen Stylus လည်း ထည့်သွင်းထားမှာပါ။ Galaxy Z Flip3 မှာ Dual-tone Finish အသစ်ကို သုံးထားပြီး Cover Screen က ပိုကြီးလာမှာပါ။ Galaxy Buds2 ဟာ Galaxy Buds Pro ထက် ဈေးပိုသက်သာမှာဖြစ်ပေမယ့် ANC (Active Noise Cancellation) ထောက်ပံ့ထားမှာပါ။

Samsung ဟာ Galaxy Z Flip3 အတွက် Thom Browne Limited Edition ကို ဒီနှစ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ ဒီလ အစောပိုင်းက သတင်းထွက်လာပါတယ်။ Samsung Galaxy Z Flip  Thom Browne Limited Edition ကို ၂,၄၈၀ ဒေါ်လာနဲ့ ရောင်းပေးခဲ့တာ ဖြစ်ပြီး သိန်း ၄၀ လောက်ကျသင့်ပါတယ်။ Galaxy Z Flip3 Thom Browne Edition ကို ရောင်းချမယ့် ဈေးနှုန်း သတင်းအချက်အလက် ပေါက်ကြားခြင်း မရှိသေးပါဘူး။

Ref : gsmarena