လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ Samsung ဟာ Galaxy S21 ကို ဖြန့်ချိလိုက်တာကြောင့် ဈေးကွက်တွင်းရောင်းအားချင်း ထိပ်တိုက်တွေ့မှုမဖြစ်အောင် လာမယ့် Galaxy Flip မိတ်ဆက်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

Samsung ရဲ့ လာမယ့် Clamshell foldable စမတ်ဖုန်းကို Z Flip2 လို့ခေါ်မှာမဟုတ်ဘဲ Galaxy Z Flip 3 လို့ခေါ်တွင်မယ်လို့လည်း ကောလာဟလထွက်နေတာ ဖြစ်ပါတယ်။ အခုတော့ ဒီ Foldable စမတ်ဖုန်းအတွက် ဈေးနှုန်းနဲ့ အချက်အလက်အချို့ကိုလည်း တွစ်တာအသုံးပြုသူ (@TheGalox_) က အဆိုပါပလက်ဖောင်းမှာ လွှင့်တင်ခဲ့ပါတယ်။

Anthony (@TheGalox_) ရဲ့အဆိုအရ Galaxy Z Flip ရဲ့ ဈေးနှုန်းဟာ $1,499 (၁၉ သိန်း ၉ သောင်း ၇ ထောင်ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ အကယ်၍ ဒီသတင်းသာမှန်ခဲ့မယ်ဆိုရင် တတိယမျိုးဆက် Flip ဟာ ရှေ့မျိုးဆက်ထက် $50 သာ ပိုပြီးကျသင့်မှာ ဖြစ်ပါတယ်။ အရင်က Galaxy Z Flip 5G ကို $1,449 (၁၉ သိန်း ၃ သောင်းဝန်းကျင်) နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Anthony ဟာ Z Flip 3 ရဲ့ အစိတ်အပိုင်းအချို့ကိုလည်း ဖော်ပြခဲ့ပါသေးတယ်။

Galaxy Z Flip 3 မှာ Glass display (UTG ဖြစ်နိုင်) အမျိုးအစား၊ ကျဉ်းမြောင်းတဲ့ Bezel တွေနဲ့ 120Hz Dynamic AMOLED display တပ်ဆင်ထားမယ်လို့ဆိုပါတယ်။ Ross Young (@DSCCRoss) ကတော့ မျက်နှာပြင်ဟာ LTPO နဲ့ 6.70-inch ဖြစ်မယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ Processor ကတော့ Snapdragon 888 SoC အဖြစ်ရည်ညွှန်းပြီး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မတိုင်မီ ဖြန့်ချိမယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

ကနဦးထွက်ထားတဲ့ ကောလာဟလတွေမှာတော့ Galaxy Z Flip 3 ဟာ 1.8-inch cover display နဲ့ဖြစ်ပြီး Z Flip က 1.1-inch ထက် ပိုကြီးမယ်လို့ ဖော်ပြခဲ့ကြပါတယ်။ တစ်ခုသတိပြုရမှာက အစောပိုင်းထွက်ပေါ်လာတဲ့သတင်းတွေမှာ Z Flip 3 ဟာ ဈေးချိုတဲ့ 4G အမျိုးအစားအဖြစ် ရည်ညွှန်းကြတာ ဖြစ်ပါတယ်။

Ref: Gizmochina