Samsung ရဲ့ Galaxy Z Fold3 ထွက်လာဖို့က အဝေးကြီးလိုပါသေးတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ကောလာဟလသတင်းတွေကတော့ ဝီရိယကောင်းကောင်းနဲ့ ထွက်ပေါ်နေပါပြီ။ ဒီတစ်ခါထွက်လာတဲ့ သတင်းကတော့ Galaxy Z Fold3 ရဲ့ ဈေးနှုန်းပိုင်းနဲ့ ပတ်သက်ပါတယ်။

ဒီသတင်းကို ကိုးကားထားတဲ့ရင်းမြစ်က ယိုစိမ့်သတင်းတွေနဲ့ပတ်သက်ရင် မှတ်တမ်းကောင်းတွေရှိတဲ့သူဖြစ်ပေမယ့်၊ တရားဝင်သတင်းမဟုတ်တဲ့အတွက် ရာနှုန်းပြည့် မှန်ကန်မယ်လို့တော့ မှတ်ယူထားလို့မရပါဘူး။ သူရေးသားထားတာကတော့ Galaxy Z Fold3 ရဲ့ ဈေးနှုန်းဟာ Galaxy Z Fold2 နဲ့ အတူတူလောက် ဖြစ်မယ်ဆိုတာပါ။

Galaxy Z Fold3 ဟာ မျိုးဆက်ဟောင်းနဲ့နှိုင်းယှဉ်ရင် တိုးတက်မှုအနည်းငယ် ပါဝင်လာမှာဖြစ်ပြီး ဈေးနှုန်းကတော့ $2,000 (၂၆ သိန်း ၃ သောင်း) ဝန်းကျင်မှာ ရှိမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့လည်း ပြောရမှာစောနေသေးတယ်ဆိုပေမယ့် ၊ ဒီဈေးနှုန်းထက် နည်းမသွားနိုင်ဘူးလို့ ပြောနိုင်လောက်တဲ့ အချက်အလက်အချို့လည်း ရှိနေပါသေးတယ်။

မကြာသေးခင်ကပဲ Samsung ရဲ့ Galaxy Z Fold3 ဟာ Under-display camera အသုံးပြုလိမ့်မယ်လို့ သတင်းထွက်ပေါ်ထားပါသေးတယ်။ UDC ကို ထည့်သွင်းဖို့ဆိုတာ အဓိကလိုအပ်ချက်က OLED display layer ရဲ့ အလင်းယိုင်တဲ့ပြဿနာကို ဖြေရှင်းဖို့ Special algorithms တွေ လိုအပ်တာပါ။ ဒီအတွက် တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီက ဖြေရှင်းနိုင်ခဲ့ပြီလို့ သတင်းထွက်ပေါ်ထားပါတယ်။

နောက်တစ်ချက်က အခုအချိန်မှာ Foldable ဈေးကွက်က ကြီးမားတဲ့ပြိုင်ဆိုင်မှုနဲ့ နေရာလုနေကြတာ မဟုတ်သေးပါဘူး။ ပြောရရင်တော့ Samsung အတွက် ဈေးနှုန်းချင်းယှဉ်ပြိုင်ဖို့ထက် နည်းပညာအရည်အသွေး ပိုပြီးမြင့်မားအောင်သာ အာရုံစိုက်ဖို့လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် Galaxy Z Fold3 ရဲ့ဈေးနှုန်းက ခပ်မြင့်မြင့်မှာပဲ ဆက်ရှိနေဦးမယ်ဆိုရင်လည်း အံ့သြစရာမဟုတ်ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။

Ref: GSM Arena