Foldable ဖုန်းတွေဟာ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုအရ ခေတ်ရှေ့ပြေးတယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ Device တော့ မဖြစ်သေးပါဘူး။ Foldable တွေရဲ့ အထင်ရှားဆုံး လိုအပ်ချက်ကိုပြောရရင်တော့ Hinge နဲ့ မျက်နှာပြင် ခေါက်ကြောင်းပါပဲ။

Hinge နဲ့ မျက်နှာပြင်ခေါက်ကြောင်းဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှီခိုနေပြီး နှစ်ခုစလုံးဟာလည်း Foldable ရဲ့ တိုးတက်ဖို့လိုအပ်နေသေးတဲ့ အပိုင်းတွေ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ကုမ္ပဏီတွေဟာ Foldable အသစ်တိုင်းမှာ Hinge ပိုင်းကို ပိုပြီးကောင်းမွန်အောင် ပြုပြင်ရင်း အဆင့်မြှင့်တင်နေကြတာ ဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ပေါက်ကြားသတင်းအရ Samsung Galaxy Z Fold5 မှာ ပြန်လည်ပြုပြင်ထားတဲ့ Hinge နည်းပညာအသစ် ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီသတင်းကို သယ်ဆောင်လာတာက နာမည်ကျော် Tipster Ice Universe ပဲ ဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ အချက်အလက်အရ Samsung ဟာ Galaxy Z Fold5 မှာ Waterdrop-style hinge ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒီ Waterdrop-style hinge ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့ အကြောင်းကတော့ တောင်ကိုးရီးယားသတင်းရင်းမြစ်ဖြစ်တဲ့ Naver News က ပြီးခဲ့တဲ့လကဖော်ပြခဲ့ဖူးတာကြောင့် ကနဦးကတည်းက ကြားသိကြပြီးသား ဖြစ်ပါလိမ့်မယ်။

Samsung Display “droplet” folding hinge mechanism ဟာ Fold5 ပေါ်က Folding panel ကို ပတ္တာကိုယ်ထည်ထဲမှာ Droplet shape ပုံစံ ဖန်တီးနိုင်မှာဖြစ်ပြီး ဒါဟာ Panel ရဲ့ ဘေးနှစ်ဖက်ကြားက အတွန့်တွေကို တားဆီးပေးမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Motorola နဲ့ OPPO တို့ကလည်း သူတို့ရဲ့ Foldable တွေမှာ အတွန့်တွေကို ကာကွယ်ဖို့အတွက် အလားတူနည်းလမ်းကို ချဉ်းကပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Samsung Galaxy Z Fold5 ဟာ Z Fold4 ရဲ့ 15.8mm နဲ့နှိုင်းယှဉ်ရင် ကြီးမားတဲ့ အဆင့်မြှင့်တင်မှုဖြစ်ပြီး သူ့ရဲ့ Folded state ဟာ 13.x mm ပဲ ရှိမှာဖြစ်တယ်လို့ Ice Universe က မျှဝေထားပါတယ်။

Ref: GSM Arena