Samsung က တောင်ကိုရီးယား အစားအစာနဲ့ ဆေးဝါး ဘေးကင်းလုံခြုံရေး ဝန်ကြီးဌာန (MFDS) ရဲ့ ခွင့်ပြုချက်ရပြီးနောက် Health Monitor App ကို ဖြန့်ချိပေးလိုက်ပါတယ်။ အဲဒီ App နဲ့ဆိုရင် Samsung Galaxy Watch Active2 ပိုင်ရှင်တွေဟာ ရိုးရိုး သွေးဖိအား တိုင်းတာတဲ့ ကိရိယာကို သုံးပြီး တိုင်းတာနိုင်ပါပြီ။ အသုံးမပြုခင်မှာ အဲဒီ ကိရိယာကို Calibrate လုပ်ထားဖို့ လိုအပ်ပါတယ်။

စမတ်နာရီမှာ ပါတဲ့ ဆန်ဆာတွေက သွေးခုန်နှုန်းကို တိုင်းတာပေးပြီး အဲဒီကနေ သွေးဖိအားကို တွက်ချက်ပေးတာ ဖြစ်ပါတယ်။ Watch Active2 နဲ့ ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းက Health Monitor App မှာ သွေးဖိအား ရလဒ်တွေကို ကြည့်နိုင်ပြီး User ရဲ့ သွေးဖိအား ရလဒ်တွေကို နေ့စဉ်၊ အပတ်စဉ်နဲ့ လစဉ် ခွဲခြား ပြသပေးပါတယ်။ အဲဒီ ဒေတာတွေကို မိသားစု ဆရာဝန်ကို ပေးပို့နိုင်ပါတယ်။

သွေးဖိအား တိုင်းဖို့အတွက် Health Monitor App ကို စမတ်ဖုန်း အပြင် Galaxy Watch Active2 မှာလည်း ထည့်သွင်းထားရမှာပါ။  Galaxy Wearable App ကနေ Watch Software နောက်ဆုံး Version ကို တင်လိုက်တာနဲ့ App ကို အလိုလို အင်စတောလုပ်ပေးမှာပါ။ Health Monitor App ကို ဖြန့်ချိလိုက်တဲ့ အပြင် Samsung က Electrocardiogram (ECG) လုပ်ဆောင်ချက်ကို တောင်ကိုရီးယားက Watch Active2 User တွေအတွက် ဇူလိုင်လကနေ စက်တင်ဘာလအတွင်း Health Monitor App ကနေ  ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။

Ref : gsmarena