Samsung ဟာ Android 10 နဲ့ One UI 2.0 ကို Galaxy Note9 ဆီ ယူဆောင်လာခဲ့ပြီး ဖြစ်ပါတယ်။ Note9 အသုံးပြုသူတွေအနေနဲ့ နောက်ထပ်အသစ်တွေလိုချင်နေတယ်ဆိုပေမယ့် ကုမ္ပဏီကတော့ နောက်ထပ်တစ်ဆင့်တက်ပြီး နောက်ဆုံးပေါ် One UI Version 2.1 ကိုထုတ်လုပ်ဖို့အတွက် ပြင်ဆင်နေတုန်းလို့ ဆိုရမှာပါ။

Note9 ပိုင်ရှင်တွေအနေနဲ့ နောက်ဆုံးပေါ် Firmware update ကို ရရှိမှာမဟုတ်ဘူးဆိုတဲ့ သတင်းတွေကိုလည်း အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒီသတင်းတွေကြောင့် မျှော်လင့်ချက်မဲ့နေတဲ့ Note9 ပိုင်ရှင်တွေအတွက် သတင်းကောင်းကတော့ ထွက်ပေါ်လာပြီလို့ ဆိုရမှာပါ။

Samsung ဟာ Galaxy Note9 အတွက် One UI Version 2.1 ကို စမ်းသပ်နေတာဖြစ်ပြီး၊ ဘယ်လုပ်ဆောင်ချက်၊ အင်္ဂါရပ်တွေကို Galaxy Note အဟောင်းဆီ ယူဆောင်လာပေးရမလဲဆိုတာကို ဆုံးဖြတ်နေတယ်လို့ အတည်ပြုချက်ပေးသွားခဲ့ပါတယ်။ ဒီသတင်းကို Samsung South Korean community forum မှာ Moderator က မှတ်ချက်ပေး တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

OneUI 2.1 မှာ ကင်မရာလုပ်ဆောင်ချက်သစ်ကို တွေ့မြင်ရပေမယ့် ဒါကို အမှန်တကယ်ထည့်သွင်းလာနိုင်ခြင်း၊ ရှိမရှိ မသိရသေးကြောင်း၊ ဒီလုပ်ဆောင်ချက်သစ်ဟာ Note9 ရဲ့ တည်ငြိမ်မှုကို ထိခိုက်နိုင်တာကြောင့် အခုအချိန်ထိတော့ မဖြစ်နိုင်သေးဘူးလို့ပဲ ယူဆရဦးမှာဖြစ်တဲ့အကြောင်း တူညီတဲ့သတင်းရင်းမြစ်က ရှင်းပြသွားခဲ့ပါသေးတယ်။

Samsung ရဲ့ Software Team ဟာ ၂၀၁၈ Galaxy Note ဆီကို ဖြစ်နိုင်ခြေရှိတဲ့ One UI 2.1 အင်္ဂါရပ်တွေ များနိုင်သလောက်များများ ယူဆောင်လာပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လုပ်ငန်းစဉ်တစ်ခုလုံးဟာ ကြာမြင့်တဲ့အချိန်ကာလကိုယူရမယ်လို့ ဆိုထားတာကြောင့် အခုအချိန်မှာတော့ Note9 အတွက် One UI 2.1 ကို လုပ်နေတယ်ဆိုတဲ့ သတင်းစကားကလွဲရင် တခြားဘာကိုမှ မပေးနိုင်သေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

Ref: GSM Arena