Samsung ရဲ့ တန်ဖိုးနည်း Foldable ဖုန်းနဲ့ပတ်သက်တဲ့သတင်းတွေဟာ သြဂုတ်လထဲမှာ အကြိမ်ကြိမ်ထွက်နေခဲ့ပါတယ်။ အထူးသဖြင့် ဒီနှစ်မကုန်ခင် မိတ်ဆက်ပေးမယ်ဆိုပြီး ရေးသားဖော်ပြနေကြတာပါ။ အခုလည်း ကုမ္ပဏီရဲ့ တတိယမြောက် Foldable ဖုန်းဖြစ်တဲ့ Galaxy Z Fold2 ကို လာမယ့်လထဲမှာ ရောင်းချမယ်လို့ သတင်းထွက်လာပြန်ပါတယ်။

တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ Foldable ဖုန်း မော်ဒယ်သုံးမျိုးကို ထုတ်လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ Tipster က အခိုင်အမာဆိုပါတယ်။ နာမည်တွေကတော့ Galaxy Z Fold Lite, Galaxy Z Fold3 နဲ့ Galaxy Z Fold S တို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒီ Foldable တွေမှာ အသုံးပြုမယ့် Display အမျိုးအစားတွေကိုလည်း ပြောဆိုခဲ့ပါသေးတယ်။

Galaxy Fold Lite ကတော့ Samsung ရဲ့ Budget foldable ဆိုပြီးတော့ ကာလကြာရှည် ကောလာဟလထွက်ပေါ်နေတာပါ။ မော်ဒယ်နံပါတ် SM-F415 နဲ့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ SamMobile က ဖော်ပြခဲ့တဲ့ သတင်းနဲ့ ကိုက်ညီနေတာကိုလည်း တွေ့ရပါတယ်။ ဒီသတင်းသာမှန်ရင်တော့ 64GB နဲ့ 128GB Storage ဗားရှင်းနှစ်မျိုးနဲ့ ထွက်မယ်ဆိုတဲ့သတင်းလည်း မှန်ကန်နိုင်တယ်လို့ မျှော်လင့်ရပါတယ်။

တွစ်တာမှာ @hwangmh01 အမည်နဲ့ ဖော်ပြထားတာကတော့ ဒီ Foldable ဟာ UTG (Ultra-Thin Glass) အစား CPI (Colorless Polyimide) ကိုပဲ သုံးလာမယ်လို့ အခိုင်အမာ ဆိုထားတာပဲ ဖြစ်ပါတယ်။ မူလပထမ Galaxy Fold ဟာ UTG လောက် ခိုင်မာမှုမရှိတဲ့ CPI-clad display နဲ့ပဲဖြစ်တာကြောင့် အခုသတင်းကလည်း မဟုတ်ဘူးဆိုပြီး ပစ်ပယ်ထားလို့မရပါဘူး။ တစ်ဘက်ကကြည့်မယ်ဆိုရင်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချဖို့အတွက် Display လိုနေရာမျိုးမှာ အရည်အသွေးကွာခြားတယ်ဆိုတာလည်း ယုတ္တိရှိပါတယ်။

Galaxy Fold3 ကတော့ UTG ကို အသုံးပြုပြီး S Pen ကိုလည်း အထောက်အပံ့ပေးမှာဖြစ်သလို ဈေးနှုန်းလည်း မြင့်မားမယ်လို့ ဆိုပါတယ်။ ဒါဟာ Samsung ရဲ့ ဈေးအကြီးဆုံး Foldable စမတ်ဖုန်းလည်း ဖြစ်လာနိုင်တဲ့ အဓိပ္ပါယ်ပါပဲ။ Galaxy Z Fold S ကတော့ “in & out folding” အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ အနီးစပ်ဆုံးဥပမာပေးရရင်တော့ TCL ရဲ့ သုံးခေါက်ချိုး “tri-fold” ရှေ့ပြေးပုံစံလို့ ဆိုရမှာပါ။ ဒါ့အပြင် Samsung ဟာ လာမယ့်နှစ်ထဲမှာ Galaxy Note စီးရီးကို အဆုံးသတ်ပြီး Galaxy S21 Ultra ကတော့ S Pen ပါဝင်မယ်လို့ ကောလာဟလ ထွက်နေတာပဲ ဖြစ်ပါတယ်။

Ref: Gizmochina