Samsung ကနေ ထုတ်လုပ်တဲ့ OLED Display တွေက လက်ရှိအချိန်မှာ အအောင်မြင်ဆုံးဖြစ်နေပြီး စမတ်ဖုန်းထုတ်လုပ်သူအကုန်လုံးနီးပါးက Samsung ဆီကပဲ ဝယ်ယူသုံးစွဲနေတာဖြစ်ပါတယ်။ အခုလည်း ၂၀၂၀ ခုနှစ်ပထမဆုံး ၃ လပတ်ရဲ့ OLED Display စျေးကွက်အခြေအနေကို ထုတ်ပြန်ခဲ့ပြီး Samsung ကပဲ အပြတ်အသတ်နဲ့ ဦးဆောင်ထားတုန်းပါပဲ။

အခု Report ကိုတော့ Stone Partners ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Samsung ဟာ လက်ရှိ စမတ်ဖုန်းတွေမှာ သုံးနေတဲ့ OLED Display ရဲ့ ၉၀.၂ ရာခိုင်နှုန်းအထိကို အပိုင်သိမ်းထားတာဖြစ်ပါတယ်။ အခုပမာဏဟာ အလွန်များပြားတယ်လို့ ပြောလို့ရနိုင်ပေမယ့် မနှစ်တုန်းက ဒီအချိန်မှာ Samsung ရဲ့ စျေးကွက်ပိုင်ဆိုင်မှုက ၉၄.၁ ရာခိုင်နှုန်းအထိ ရှိခဲ့တဲ့အတွက် ဒီနှစ်မှာ အနည်းငယ်ကျဆင်းသွားတယ်လို့တောင်ပြောရမှာပါ။

Stone Partners ရဲ့ Report အရ Samsung Display ဟာ စမတ်ဖုန်းတွေအတွက် စုစုပေါင်း OLED Display Panel အရေအတွက် ၆၈.၃ သန်းမှာ ၆၁.၆ သန်းအထိ ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ EverDisplay Optronics ကနေ Display Panel ၃.၃ သန်းထုတ်လုပ်ပြီး စျေးကွက်ရှယ်ယာ ၄.၉ ရာခိုင်နှုန်းနဲ့ ရှိနေတာဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း High End နဲ့ Flagship ဖုန်းတွေအပြင် Mid Range ဖုန်းတွေမှာပါ OLED Display တွေကို အသုံးပြုမှုများပြားလာတာနဲ့အတူ Samsung Display ကလည်း OLED Display စျေးကွက်မှာ ဆက်လက်ပြီး နံပါတ် (၁) နေရာကို ရယူထားဦးမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena