ဒီနေ့ခေတ် နည်းပညာလူသားတွေဟာ တီထွင်ဆန်းသစ်မှုကို နှစ်သက်ကြသလို ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစိတ်ချရမှုကိုလည်း မြတ်နိုးတန်ဖိုးထားကြပါတယ်။ ကိုယ်ရေးကိုယ်တာအချက်အလက်ဟာ ကာယကံရှင်တစ်ဦးတည်း သိထားတဲ့အကြောင်းအရာဆိုပေမဲ့ နည်းလမ်းမျိုးစုံနဲ့ ခိုးယူခံနေရတာကိုလည်း စိတ်မချမ်းမြေ့စွာနဲ့ တွေ့မြင်နေရပါတယ်။

ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ခိုးယူခံနေရတာ၊ တစ်နည်းအားဖြင့် Privacy တွေအချိုးဖောက်ခံနေရတာဟာ နည်းပညာခေတ်ရဲ့ ဘေးထွက်ဆိုးကျိုးလို့ ဆိုရင်လည်းဆိုနိုင်ပါတယ်။ ဒီအတွက် နည်းပညာကုမ္ပဏီကြီးတွေက အစွမ်းကုန်ကြိုးစားပြီး သုံးစွဲသူတိုင်း၊ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ သီးသန့်ဖြစ်တည်မှုကို လုံခြုံအောင် ပံ့ပိုးပေးနေကြပါတယ်။

ကုမ္ပဏီနဲ့ အသုံးပြုသူကြားမှာ ကိုယ်ရေးအချက်အလက်တွေ အပြန်အလှန်ကူးသန်းနေကြရတာက သုံးစွဲသူအချက်အလက်တွေကို ကိုယ်တိုင်ဖြည့်သွင်းပေးတာ၊ အသုံးပြုသူရဲ့ ကိရိယာပေါ်က Software ကိုသုံးခြင်းအားဖြင့် အခြားနည်းလမ်းတွေနဲ့ စုစည်းနေတာတွေကြောင့် ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ယိုစိမ့်ရတဲ့အဓိကအကြောင်းရင်းက ဒီအချက်အလက်တွေကို အသုံးချပြီးစီးပွားရှာကြလို့ပါပဲ။ နည်းပညာဦးဆောင်ကုမ္ပဏီကြီးတွေကတော့ ဒီလိုမျိုး အသုံးပြုသူအချက်အလက်ကို တရားမဝင်ရယူခြင်းကို ရှောင်ကျဉ်ကြပြီး သုံးစွဲသူရဲ့ Privacy နဲ့ Security ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ကြပါတယ်။ ဒါပေမဲ့လည်း Privacy Scandal တွေကတော့ ခေတ်အဆက်ဆက်ဖြစ်ပေါ်နေတုန်းပါပဲ။ ထင်သာမြင်သာအရှိဆုံးနဲ့ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တာကတော့ ၂၀၁၃ ခုနှစ်တုန်းက Yahoo (3 billion accounts), ၂၀၁၉ ခုနှစ်မှာ Alibaba (1.1 billion pieces of user data), ၂၀၂၁ မှာ Linkedin (700 million users), ၂၀၂၀ မှာ Sina Weibo (538 million accounts), ၂၀၂၉ မှာ Facebook (533 million users) တို့ကိုပဲ ညွှန်ပြရမှာပါ။

အချက်အလက်တွေပေါက်ကြားခြင်းရဲ့နောက်မှာလူ့အခွင့်အရေးနဲ့ လုံခြုံရေးကို ကြီးမားတဲ့ခြိမ်းခြောက်မှုတွေလိုက်ပါလာခဲ့ပါတယ်။ ဒီခြိမ်းခြောက်မှုက သိပ်ကြီးမားလာတဲ့အခါ တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ လုံခြုံရေးသာမက၊ အမျိုးသားအဆင့်အထိပါ ရိုက်ခတ်သွားတတ်ပါတယ်။ ဒါကြောင့်ပဲ အမှတ်တံဆိပ်အချို့ဟာ အမျိုးသားလုံခြုံရေးကို ထိပါးစေနိုင်တဲ့သံသယနဲ့ စွပ်စွဲခံနေရတာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Privacy နဲ့ security က နှစ်ဦးနှစ်ဖက်အတွက် အသက်လိုအရေးကြီးတဲ့အချက်လို့ ဆိုရမှာပါပဲ။

တောင်ကိုရီးယားရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Samsung ကတော့ လက်ရှိအချိန်အထိ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို လုံခြုံစွာကာကွယ်ပေးထားပြီး အချက်အလက်ပေါက်ကြားမှုနဲ့ပတ်သက်လို့ ကောလာဟလတောင် မရှိခဲ့ဖူးသေးတာကိုတွေ့ရပါတယ်။

Samsung ဟာ သုံးစွဲသူအချက်အလက်ကာကွယ်မှုကို ရုပ်ပိုင်းဆိုင်ရာရော၊ နည်းပညာပိုင်းဆိုင်ရာမှာ အားထုတ်ထားကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ ဒါ့အပြင် သုံးစွဲသူဆိုင်ရာအချက်အလက်ကို တရားဥပဒေပြဋ္ဌာန်းထားတဲ့အတိုင်း၊ စာချုပ်ပါသတ်မှတ်ချက်အတိုင်းသာ ထိန်းသိမ်းထားတာဖြစ်ပြီး၊ အဆိုပါအချက်အလက်တွေကိုမလိုအပ်တော့ချိန်မှာ ကုမ္ပဏီရဲ့စနစ်ထဲကနေ ဖျက်ဆီး၊ ဖျောက်ဖျက်ပေးမယ်လို့ ဖော်ပြထားပါတယ်။

Samsung ရဲ့ Privacy နဲ့ Security ပိုင်းကျော်ကြားမှုလို့ပြောရင် Knox ကိုပဲမြင်မိကြမယ်ထင်ပါတယ်။ တောင်ကိုရီးယားရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးဟာ ဟာ သုံးစွဲသူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို အထူးကာကွယ်ဖို့အတွက် Knox လို့ခေါ်တဲ့ Defense-grade security solution ကို တီထွင်ခဲ့တာပါ။ Knox ကို Device တွေရဲ့ architecture ထဲထည့်သွင်းတည်ဆောက်ထားတာပါ။ Knox ထဲမှာ သိမ်းဆည်းထားသမျှဟာ လက်ရှိအချိန်မှာ အဆင့်အမြင့်ဆုံး Encryption တွေထဲကတစ်ခုနဲ့ ကာကွယ်ထားသလိုပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကို မိုလ်ဘိုင်းပစ္စည်းတွေတင်သာမကဘဲ Internet of Things (IoT) ကမ္ဘာမှာချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကတစ်ဆင့် သတင်းအချက်အလက်တွေလုံခြုံအောင်ကူညီဖို့လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ Knox ကို Samsung ရဲ့ Top tier တွေမှာ ထည့်သွင်းထားတာကို တွေ့မြင်နိုင်ပါတယ်။

Galaxy S21 စီးရီးမှာတော့ လုံခြုံရေးအဆင့်အတန်းဟာ နောက်ထပ်အဆင့်တစ်ခုဆီမြင့်တက်သွားတဲ့ Samsung Knox Vault ကို ထောက်ပံ့ထားတာ မြင်တွေ့ရပါတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို Encrypt လုပ်ပေးထားရုံသာမကဘဲ Vault processor က (Samsung Pay လိုမျိုး အရေးကြီးပြီးအမှားအယွင်းမခံတဲ့ အချက်အလက်တွေနဲ့ချိတ်ဆက်မှုအပါအဝင်) သုံးစွဲသူရဲ့အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုပါ လုံခြုံအောင် ထိန်းသိမ်းပေးထားတာ ဖြစ်ပါတယ်။ Samsung Knox Vault storage ထဲမှာ သိမ်းဆည်းထားသမျှဟာ အခြားကာကွယ်မှုတွေရှိနေတာတောင်မှ အဓိက Operation system ထဲကနေ ခွဲထုတ်ထားတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက်တွေ လုံခြုံစေရုံသာမကဘဲ ဗို့အားလွန်ကဲမှု၊ အပူချိန်လွန်ကဲမှုနဲ့ လေဆာနဲ့ထိခိုက်ခြင်းလိုမျိုး ပြင်ပထိခိုက်မှုတွေကပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။