Samsung ဟာ ယခုနှစ်အစောပိုင်းတုန်းက ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ ပထမနေရာကို ရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ခုနှစ် ဒုတိယ ၃ လပတ်မှာတော့ COVID-19 ကြောင့် ရောင်းအားကျဆင်းမှုတွေဖြစ်ပြီး Huawei ကို စျေးကွက်ပထမနေရာအတွက် အလျော့ပေးလိုက်ရတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Samsung ဟာ Huawei ထက် ရောင်းအားအနည်းငယ် အသာရရှိပြီး စမတ်ဖုန်းစျေးကွက်ပထမနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခုအချိန်မှာလည်း စျေးကွက်ရှယ်ယာအရ Samsung ဟာ Huawei ကို လုံးဝအပြတ်အသတ်နောက်ကောက်ချထားနိုင်ခဲ့ပြီလို့ သိရပါတယ်။

Counterpoint Research ရဲ့ ဖော်ပြချက်အရ Samsung ဟာ ပြီးခဲ့တဲ့လတုန်းက တကမ္ဘာလုံးမှာရှိတဲ့စမတ်ဖုန်းရောင်းအားရဲ့ စျေးကွက် ၂၂ ရာခိုင်နှုန်းအထိကို ရယူထားပြီး ပထမနေရာကို ဆက်လက်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Huawei ကတော့ စျေးကွက်ရာခိုင်နှုန်းအနေနဲ့ ၁၆ ရာခိုင်နှုန်းပဲ ပိုင်ဆိုင်ပြီး ဒုတိယနေရာမှာရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး ၆ ရာခိုင်နှုန်းအထိကို Samsung ကနေ အသာရရှိနေတာဖြစ်ပါတယ်။

ဖြစ်နိုင်တာကတော့ Samsung ဟာ ယခုနှစ်အစောပိုင်းမှာ Huawei ကို ရှုံးနိမ့်ခဲ့ပေမယ့် COVID-19 ဗိုင်းရပ်စ်အခြေအနေပြန်လည်ကောင်းမွန်လာတာနဲ့အတူ ရောင်းအားပြန်လည်တက်လာပုံပါပဲ။ ဒါတင်မဟုတ်သေးဘဲ Samsung ကနေ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Note 20 Series ဖုန်းတွေကလည်း ရောင်းအားကောင်းခဲ့ပုံရပါတယ်။

တဖက်မှာတော့ Huawei ဟာ TSMC ရဲ့ ပိတ်ဆို့မှုတွေပါ ခံခဲ့ရပြီးတော့ လက်ရှိကိုယ်ပိုင် Kirin Chipset နဲ့ထုတ်လုပ်နေတဲ့စမတ်ဖုန်းတွေကိုတောင် MediaTek Chipset တွေနဲ့ ပြောင်းလဲထုတ်လုပ်နေရတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း နှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Mate 40 Series ဖုန်းတွေ မိတ်ဆက်မယ့်အချိန်ကို အတည်ပြုထားခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် အခုအတိုင်းဆက်သွားမယ်ဆိုရင် Huawei အနေနဲ့ ရောင်းအားဆက်လက်ကျဆင်းဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်လမှာ Apple iPhone 12 Series တွေလည်း မိတ်ဆက်ဖို့ရှိနေတဲ့အတွက် Huawei အနေနဲ့ စျေးကွက်မှာ ဒုတိယနေရာကိုတောင် ထိန်းထားနိုင်ပါ့မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China