Samsung ဟာ အခုအချိန်မှာ ကိုယ်ပိုင် Exynos Chipset တွေကို ထုတ်လုပ်နေတယ်ဆိုပေမယ့် ကိုယ်ပိုင် In-house Design ထုတ်လုပ်ထားတာမဟုတ်ဘဲ ARM Design Core တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့်နှစ်ပိုင်းမှာ ဒါက ပြောင်းလဲသွားဖို့ရှိနေပါတယ်။


ဘာကြောင့်လဲဆိုရင် Samsung ဟာ ကိုယ်ပိုင် CPU Architecture Design အသစ်ကို အစအဆုံးထုတ်လုပ်နိုင်ဖို့အတွက် ယခင်တုန်းက Apple နဲ့ AMD မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ Engineer တွေကို ဌားရမ်းဖို့ ဆောင်ရွက်နေတယ်ဆိုပြီး သတင်းထွက်ရှိလာတာကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် Samsung ကနေ ဌားရမ်းဖို့ကြိုးစားနေတဲ့ Apple Engineer ဟာ လက်ရှိ Apple Device တွေမှာ အသုံးပြုနေတဲ့ကိုယ်ပိုင် Custom Chipset ထုတ်လုပ်မှုမှာ အဓိကပါဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

Samsung ဟာ လက်ရှိအချိန်မှာ AMD နဲ့ပူးပေါင်းပြီး RDNA2 Architecture ကို အခြေခံထားတဲ့ GPU အသစ်တွေကို Exynos Chipset တွေဆီမှာ ထည့်သွင်းလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ လာမယ့် Google Pixel 6 ဖုန်းမှာပါဝင်လာမယ့် Google ရဲ့ ကိုယ်ပိုင် Custom Chipset ကိုလည်း ကူညီပူးပေါင်းဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် Samsung ဟာ အခုနောက်ပိုင်းမှာ Custom CPU ထုတ်လုပ်မှုတွေမှာ လက်သွက်နေတယ်လို့တောင် ပြောလို့ရပါတယ်။


Samsung လိုမျိုးပဲ Qualcomm ဟာလည်း Custom CPU Design အသစ်ကို မိတ်ဆက်လာနိုင်ခြေရှိနေပြီး ယခင် Apple M1 Chip ထုတ်လုပ်မှုမှာ အဓိကကျတဲ့ Engineer တစ်ဦးပိုင်ဆိုင်တဲ့ Nuvia အမည်ရှိတဲ့ ကုမ္ပဏီကိုပါ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် လာမယ့်နှစ်တွေမှာ Samsung နဲ့ Qualcomm ရဲ့ Custom CPU အသစ်တွေ ပြိုင်ဆိုင်မှုပြင်းထန်လာမှာကတေ့ာ အသေအချာပါပဲ။

Ref – GSM Arena