Samsung ဟာ ယခု ၂၀၂၁ ခုနှစ်မှာ Galaxy Note 21 ဖုန်းတွေကို မိတ်ဆက်ခြင်းမရှိခဲ့ဘဲ Galaxy S21 Series နဲ့ Galaxy Z Fold3 ဖုန်းတွေကိုပဲ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Samsung ကနေ Galaxy Note Series ဖုန်းထုတ်လုပ်မှုကို ခတ္တရပ်ဆိုင်းထားတာဆိုပြီးပဲ ပြောကြားခဲ့ပေမယ့် အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Galaxy Note Series ဖုန်းတွေကို ပြန်လည်တွေ့မြင်ရဖို့က မဖြစ်နိုင်တော့ပုံပါပဲ။

ဘာကြောင့်လဲဆိုရင် တောင်ကိုရီးယားသတင်းဌာနကနေ ထွက်ပေါ်လာတဲ့သတင်းတစ်ခုအရ Samsung ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ ထုတ်လုပ်ဖို့ရှိနေတဲ့ စမတ်ဖုန်းတွေထဲမှာ Galaxy Note Series ပါဝင်ခြင်းမရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် Galaxy Note 20 Series ဟာ Samsung ရဲ့ နောက်ဆုံးသော Note Series ဖုန်းဖြစ်လာဖို့က သေချာသလောက်ဖြစ်နေပါပြီ။

ဒီလိုမျိုး Galaxy Note Series ဖုန်းတွေထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တာက Galaxy Foldable ဖုန်းတွေကြောင့်ဖြစ်ပြီး ပြီးခဲ့တဲ့ Galaxy Note 10 နဲ့ Note 20 Series ဖုန်းတွေက အလုံးရေ ၁၂.၇ သန်း နဲ့ ၉.၇ သန်းပဲ ရောင်းချခဲ့ရတဲ့အချိန်မှာ Galaxy Z Fold က အလုံးရေ ၁၃ သန်းအထိ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း စျေးပိုပြီး သက်သာလာတာနဲ့အတူ Foldable ဖုန်းတွေရဲ့ ရောင်းအားက အခုထက် ပိုကောင်းနေမှာဖြစ်ပါတယ်။

Samsung ဟာ လက်ရှိအချိန်မှာ Galaxy Note 20 နဲ့ Note 20 Ultra ဖုန်းတွေ ထုတ်လုပ်ရောင်းချမှုကိုလည်း လုံးဝရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ S Pen အသုံးပြုချင်တယ်ဆိုရင် Galaxy S22 Ultra သို့မဟုတ် Foldable ဖုန်းတွေကိုပဲ ဝယ်ယူရတော့မှာပါ။

Ref – GSM Arena