CES 2020 မှာ Samsung ဟာ NEON ကို ကြေညာခဲ့ပါတယ်။ ဒါဟာ Artificial Human လို့ခေါ်တဲ့ ထုတ်ကုန်တစ်မျိုးပါ။ တရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြချက်အရ “လူအတိုင်း ပြုမူတုံ့ပြန်အောင် ကွန်ပျူတာတွက်ချက်မှုနဲ့ ဖန်တီးထားတဲ့ Virtual ဖြစ်တည်မှု” လို့ သိရပါတယ်။

NEON ကို ဒီနှစ်မကုန်ခင်မှာပဲ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒီကြေညာချက်ကို တွစ်တာမှာ STAR (Samsung Technology and Advanced Research) Labs ရဲ့ အမှုဆောင်အရာရှိချုပ် Pranav Mistry က မျှဝေခဲ့တာ ဖြစ်ပါတယ်။ ကွန်ပျူတာသိပ္ပံပညာရှင်ဟာ NEON Frame ရဲ့ ဓါတ်ပုံတွေကိုလည်း မျှဝေထားပြီး “NEON ကို အစစ်အမှန်ကမ္ဘာကြီးဆီ ယူဆောင်ပြီ” လို့ ဆိုထားပါတယ်။

နာမည်ကျော် Ice Universe က NEON ကို ဘယ်အချိန်၊ စမတ်ဖုန်းမှာအသုံးပြုလို့ရနိုင်မလဲဆိုပြီးမေးမြန်းခဲ့ရာမှာ Pranav Mistry က အခု၊ သူ့ဖုန်းမှာသုံးလို့ရနေကြောင်း၊ စမ်းသပ်နေတာဖြစ်ကြောင်း၊ ခရစ္စမတ်မတိုင်ခင်မှာ အခြားစမတ်ဖုန်းတွေမှာတွေ့မြင်လာရမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ NEON View ဟာ မိုလ်ဘိုင်း Device တွေဆီကို Virtual Assistant ဗားရှင်းအဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီ Assistant ဟာ မှတ်သားမှုတွေကတစ်ဆင့် ကျွမ်းကျင်မှုကိုသင်ယူလာမှာဖြစ်ပြီး၊ လက်ရှိ AI assistant နဲ့ မတူညီဘူးလို့ သိရပါတယ်။ ဒီ Assistant အသစ်မှာတော့ မျက်နှာလည်းပါဝင်ပြီး၊ လူသားတစ်ယောက်လိုပဲ စိတ်ခံစားမှုတွေကို ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ NEON ကို အမျိုးမျိုးသောအရာတွေမှာ အသုံးပြုနိုင်ဖို့ Programmed တွေပြုလုပ်နိုင်တယ်လို့လည်း သိရပါတယ်။

တရားဝင်ဝက်ဘ်ဆိုက်မှာတော့ NEON ကို ဆရာ၊ ယောဂသင်ကြားသူ၊ ဇာတ်ကြောင်းပြောသူ၊ သတင်းထောက်စသဖြင့် အမျိုးမျိုးမြင်တွေ့ရနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒီနှစ်အစောပိုင်းက CNET နဲ့တွေ့ဆုံမေးမြန်းခန်းမှာတော့ Virtual Assistant ဟာ Bixby ဒါမှမဟုတ် အခြား လက်ရှိ AI Assistant တွေနဲ့ အစားထိုးသွားမှာမဟုတ်ဘူးလို့ Pranav Mistry က ပြောဆိုခဲ့ပါတယ်။

Ref: Gizmochina