Samsung ဟာ လက်ရှိအချိန်မှာ Foldable ဈေးကွက်ကို ဦးဆောင်ထားတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ Galaxy Z Flip ဟာ ကမ္ဘာ့အကောင်းဆုံး Setting foldable ဟန်းဆက်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ဆက်ခံသူကလည်း လာမယ့် ၂၀၂၁ နွေဦးမှာ ပေါ်ထွက်လာဦးမှာပါ။

၂၀၂၁ ထဲမှာ နောက်ထပ် Foldable ၃ မျိုးကို မိတ်ဆက်လာဦးမယ့် တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ အခုလည်း အဆင့်မြှင့်တင်ထားတဲ့ Foldable ဒီဇိုင်းကို မူပိုင်ခွင့်တင်ထားပြန်ပါတယ်။ LetsGoDigital ရဲ့အဆိုအရ Samsung Electronic ဟာ ၂၀၂၀ ပြည့်နှစ် ဇွန်လမှာ WIPO (World Intellectual Property Office) ကို “Foldable electronic device” အမည်နဲ့ ဒီဇိုင်းမူပိုင်ခွင့်တင်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာရုံးက Samsung ရဲ့လျှောက်တင်မှုကို အတည်ပြုခဲ့ပြီးတဲ့နောက်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မူပိုင်ခွင့်အတွက်စာရွက်စာတမ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဇိုင်းမူပိုင်ခွင့်အရ မြင်တွေ့ရတာတော့ Clamshell ပုံစံ Foldable စမတ်ဖုန်းပဲဖြစ်ပြီး Galaxy Z Flip, Galaxy Z Flip 5G တို့နဲ့ ဆင်တူနေပါတယ်။ ဒါပေမယ့် အဓိကကွာခြားမှုဟ ဒီဇိုင်းသစ်မှာ ကြီးမားတဲ့ Cover display၊ ပိုများတဲ့ ကင်မရာတွေနဲ့၊ ပိုကောင်းတဲ့ ပတ္တာပုံစံဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် Galaxy Z Flip 2 မှာလည်း တူညီတဲ့ Elements တွေကို မျှော်လင့်နိုင်ပါတယ်။ ဒီဇိုင်းအရ Cover display ဟာ Motorola Razr 5G လိုမျိုး အလယ်မှာထားရှိပေမယ့် နှိုင်းယှဉ်ရင်တော့ သေးငယ်တဲ့ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ Galaxy Z Flip ထက်တော့ ကြီးတဲ့ပုံစံလို့ ဆိုနိုင်ပါတယ်။ LED ဖလက်ရှ်နဲ့ ကင်မရာနှစ်လုံးအစား၊ ကင်မရာသုံးလုံး တပ်ဆင်ထားတဲ့ ပုံစံကိုလည်း တွေ့မြင်ရပါတယ်။

စိတ်ဝင်စားစရာကောင်းတာက အတွင်းဘက်မျက်နှာပြင်မှာ ကင်မရာအတွက် Punch-hole ကို မတွေ့မြင်ရတာ ဖြစ်ပါတယ်။ ထိပ်ပိုင်း Bezel မှာမြင်တွေ့ရတဲ့ အဝိုင်းပေါက်တွေထဲက တစ်ခုကတော့ ကင်မရာအတွက်လည်း ဖြစ်နိုင်ပါတယ်။ အရေးအကြီးဆုံးလို့ပြောရမယ့်အချက်က ခေါက်ချိုးပြုလုပ်တဲ့ပတ္တာနေရာမှာ ကွာဟမှုလုံးဝမရှိဘူး၊ (Zero-gap) လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။

Ref: Gizmochina