Foldable စမတ်ဖုန်းလောကမှာ Samsung က ဦးဆုံးထုတ်လုပ်တဲ့ကုမ္ပဏီမဟုတ်ခဲ့ပေမယ့် ဈေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီတော့ ဖြစ်လာတယ်လို့ ဆိုရမှာပါ။ နည်းပညာပိုင်းဆိုင်ရာမှာ တိုးတက်အောင် အားထုတ်နေတဲ့ တောင်ကိုရီးယား ကုမ္ပဏီဟာ Foldable မျက်နှာပြင်တွေအတွက် လိုအပ်ချက်ကို ဖြည့်စွက်ဖို့ ကြိုးစားနေတာကို တွေ့မြင်ရပါတယ်။

Samsung Electronic ဟာ Foldable မျက်နှာပြင်တွေမှာ အသုံးပြုမယ့် Cover တွေကို ကိုယ်တိုင်ထုတ်လုပ်ဖို့ စီစဉ်နေတာပါ။ ပြီးခဲ့တဲ့လတုန်းကလည်း ကိုယ်ပိုင် Foldable glass အတွက်စီစဉ်နေတယ်လို့ သတင်းထွက်ခဲ့ပြီးပါပြီ။ အခုတော့ မတူညီဘဲ ကွဲပြားခြားနားတဲ့ Screen cover သုံးမျိုးကို မူပိုင်ခွင့် တင်ထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။

Samsung ရဲ့ လက်ရှိ Foldable နှစ်မျိုးမှာ အဓိကကျတဲ့အချက်က ပတ္တာဒီဇိုင်းနဲ့ မျက်နှာပြင်ကာဗာ လို့ဆိုရပါမယ်။ အရင်က ထုတ်ထားတာတွေ၊ အသုံးပြုပုံတွေနဲ့ ကွာခြားတဲ့အချက်လည်း တွေ့လာရတယ်ဆိုပေမယ့် Galaxy Z Flip ကလွဲရင် ကျန်တာတွေတော့ တူညီတယ်လို့ ဆိုနိုင်ပါတယ်။

ဈေးကွက်ထဲမှာရှိနေတဲ့ Galaxy Fold, Huawei Mate X, Huawei Mate Xs နဲ့ Motorola Razr စတဲ့ Foldable device တွေဟာ ပြောင်းလွယ်ပြင်လွယ်ဖြစ်တဲ့ OLED ပြားတွေသုံးပြီး အပေါ်မှာ ပလတ်စတစ်ကာဗာကို အသုံးပြုထားရတာပါ။ Z Flip ကတော့ UTG (Ultra-Thin Glass) ပါဝင်တဲ့ တစ်ခုတည်းသော Foldable device ဖြစ်ပြီး ပိုခိုင်ခံ့၊ ပိုကြာရှည်ခံပါတယ်။

Galaxy Z Flip မှာသုံးတဲ့ UTG အတွက် Samsung Electronic ဟာ တစ်ခုကို ဒေါ်လာ ၄၀ ကျသင့်နေပြီး၊ ပုံမှန် Flat glass ရဲ့ ၂ ဒေါ်လာဆိုတဲ့ ဈေးနှုန်းနဲ့နှိုင်းယှဉ်ရင်တော့ ကွာဟချက်ကြီးတာကို တွေ့နိုင်ပါတယ်။ (Samsung Electronic နဲ့ Samsung Display တို့ဟာ မတူညီတဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ သီးသန့်ရှိနေကြတာပါ။) ဒါကြောင့် Samsung Electronic ဟာ Polyimide နဲ့ ပြုလုပ်ထားတဲ့ ကိုယ်ပိုင် Screen cover တွေအတွက် မူပိုင်ခွင့်တင်ထားတာလည်း ဖြစ်ပါတယ်။

Samsung Electronic က တင်ထားတဲ့ မူပိုင်ခွင့်သုံးမျိုးဟာ Polyimide film, Polyimide film + UTG နဲ့ UTG တို့ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ပထမဆုံး အတားအဆီးကို ကျော်လွန်ခဲ့ပြီဖြစ်ပေမယ့် နောက်ထပ်ခက်ခဲတဲ့အပိုင်းကတော့ ထုတ်လုပ်သူတွေကို ရှာဖွေဖို့လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာတဲ့ Screen cover တွေကြောင့် Samsung ရဲ့ Foldable တွေလည်း ဈေးအနည်းငယ် လျော့ကျလာဖို့ မျှော်လင့်နိုင်ပါတယ်။

Ref: Gizmocihna