Apple ရဲ့ iPhone 12 Series စမတ်ဖုန်းတွေဟာ လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ တရားဝင်မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အဆိုပါ iPhone 12 Series ဖုန်းတွေရဲ့ Packaging ဘူးထဲမှာ EarPods အပြင် Charger ကိုပါ ထည့်သွင်းပေးမှာမဟုတ်တော့ဘူးဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။

အခုလည်း Apple အပြင် Samsung ကနေ နောက်ပိုင်းထုတ်လုပ်သွားမယ့်စမတ်ဖုန်းတွေမှာ Charger ကိုထည့်သွင်းပြီး ရောင်းချခြင်းမပြုလုပ်ဖို့ စီစဥ်နေပြီဖြစ်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါပြီ။ Samsung ကိုယ်တိုင်ကတော့ ယခုသတင်းကို အတည်ပြုခြင်းမရှိသေးပေမယ့် နောက်နှစ်ကနေစတင်ပြီးတော့ တချို့သော Model တွေမှာ Charger ကိုထည့်သွင်းရောင်းချမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

Samsung ဟာ တကမ္ဘာလုံးမှာအကြီးမားဆုံးစမတ်ဖုန်းထုတ်လုပ်သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်နေတဲ့အတွက် အခုလိုမျိုးသာ Charger တွေထည့်သွင်းရောင်းချမှုကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် ကုန်ကျစရိတ်က သိသိသာသာကို သက်သာသွားမှာပါ။ အဲ့ဒီအတွက်နောက်ပိုင်း Samsung ကနေ မိတ်ဆက်လာမယ့် စမတ်ဖုန်းတွေက စျေးနှုန်းအရ ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်ပါတယ်။

လောလောဆယ်မှာ Samsung ကနေ Flagship ဖုန်းတွေနဲ့ အမြင့်ပိုင်း High End ဖုန်းတွေမှာပဲ 25W သို့မဟုတ် 45W Fast Charging တွေကို Support ပေးနေတာဖြစ်ပါတယ်။ ဒါတောင်မှ 45W Fast Charger ကို သီးသန့်ဝယ်ယူရတာဖြစ်ပြီး ကျန်တဲ့ Mid Range နဲ့ Budget ဖုန်း တချိူ့မှာ သာမန် 15W Charger ကိုပဲ ထည့်သွင်းပေးထားတာပါ။ ဖြစ်နိုင်တာကတော့ Samsung အနေနဲ့ Fast Charging ပါဝင်တဲ့ Flagship ဖုန်းတွေထက် 15W Charger ပဲ ပါဝင်တဲ့ Mid Range ဖုန်းတွေမှာ စတင်ပြီး Charger ထည့်သွင်းမှုကို ရပ်ဆိုင်းလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple အပါအဝင် Samsung ကပါ ဖုန်းတွေရောင်းချတဲ့အချိန်မှာ Charger ကိုမထည့်သွင်းပေးတော့ဘူးဆိုရင် နောက်ပိုင်းမှာ စမတ်ဖုန်းအကုန်လုံးနီးပါး အလားတူလိုက်လုပ်နိုင်ဖို့များနေပါပြီ။

Ref – Gizmo China