Samsung ဟာ Galaxy S21 FE မိတ်ဆက်မဲ့အချိန်ကို ဒီနှစ်ရဲ့ နောက်ဆုံးသုံးလပတ်ဆီ ရွှေ့ဆိုင်းလိုက်ပါတယ်။ ရွှေ့ဆိုင်းရတဲ့အကြောင်းရင်းက ကမ္ဘာ့ကပ်ရောဂါနဲ့ စီးပွားရေးနှေးကွေးမှုကြောင့်ဆိုတာထက် Chip မလုံလောက်တဲ့ ပြဿနာကြောင့် ဖြစ်ပါတယ်။

ကနဦးသတင်းတွေအရ Galaxy S21 FE ဟာ Qualcomm Snapdragon 888 နဲ့ ထွက်လာမယ်လို့ သိခဲ့ကြတာပါ။ ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းက Geekbench မှာတွေ့ခဲ့တုန်းကလည်း SD 888 နဲ့ပါပဲ။ ဒါပေမဲ့ SD 888 ထောက်ပံ့မှုက အကန့်အသတ်နဲ့သာဖြစ်နေခြင်းက အဓိကပြဿနာတစ်ရပ်ဖြစ်လာတယ်လို့ တောင်ကိုရီးယားအခြေစိုက် မီဒီယာတွေက ဖော်ပြလာပါတယ်။

ဒါကြောင့် ကုမ္ပဏီအနေနဲ့ Galaxy S21 FE ရဲ့ Chip ပိုင်းဆိုင်ရာမှာ အပြောင်းအလဲလုပ်ဖို့စဉ်းစားလာပြီး ဥရောပနဲ့ မြောက်အမေရိကတို့လို နိုင်ငံတကာဈေးကွက်အတွက်တော့ In-house Exynos chipset တွေကိုပဲ အသုံးပြုဖို့ စီစဉ်နေကြောင်း Mae-il Business က ရေးသားဖော်ပြထားပါတယ်။ Galaxy S21 FE ဖြန့်ချိဖို့ ရုန်းကန်နေရတဲ့အကြောင်းရင်းဟာ Chip ရှားပါးပြတ်လပ်မှုကြောင့်ဆိုတာ သံသယဖြစ်စရာမရှိတာ အမှန်ပါပဲ။

၂၀၂၁ Galaxy Note စီးရီး ဖျက်သိမ်းခဲ့တာလည်း ဒီပြဿနာကြောင့်လို့ဆိုကြပါတယ်။ ဒါကြောင့် Samsung အနေနဲ့ နောက်ထပ်အဆင့်မြင့်ထုတ်ကုန်တစ်ခုကို ထပ်ပြီးမဖျက်သိမ်းလိုတာကြောင့် Galaxy S21 FE ကို Chipset ပြောင်းလဲပြီးထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း သိရပါတယ်။

Galaxy S စီးရီးကို Exynos ရော Qualcomm နဲ့ပါတွေ့ခဲ့ရတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝက်နီးပါးလောက်ကတည်းကပါပဲ။ Samsung အနေနဲ့ သူ့ရဲ့ထုတ်ကုန်တွေကို ဈေးကွက်အမျိုးမျိုးအတွက် မတူညီတဲ့ Chipset တွေနဲ့ထုတ်လုပ်ရောင်းချနေကျဖြစ်တာကြောင့် အခု Galaxy S21 FE ကို Exynos နဲ့တွေ့ရမယ်ဆိုရင်လည်း မထူးဆန်းဘူးလို့ ဆိုရပါလိမ့်မယ်။

Ref: GSM Arena