Google ဟာ Android စမတ်ဖုန်းတွေအတွက် OS Update ကို နှစ်စဥ် Google I/O Event ပြုလုပ်ပြီး မိတ်ဆက်နေကျဖြစ်ပါတယ်။ ဒါပေမယ့် Google ကနေ ကိုယ်တိုင်ထုတ်လုပ်တဲ့ Pixel ဖုန်းတွေပဲ Android OS အသစ်မိတ်ဆက်ပြီးပြီးခြင်း Update ပြုလုပ်နိုင်မှာဖြစ်ပြီး ကျန်တဲ့ စမတ်ဖုန်းတွေအနေနဲ့ကတော့ အချိန်လပိုင်းခန့်ကြာမြင့်ပြီးမှ Update ထွက်ရှိလာတာဖြစ်ပါတယ်။

ယခုနှစ်မှာဆိုရင်လည်း Google ကနေ Android 13 OS ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့တုန်းက မိတ်ဆက်ခဲ့ပါတယ်။ Pixel ဖုန်းတွေဟာ အဆိုပါနေ့ကတည်းက Update ပြုလုပ်နိုင်ခဲ့ပြီး Samsung ကုမ္ပဏီကနေ Galaxy S22 Series ဖုန်းတွေအတွက် Android 13 OS ကို အခြေခံထားတဲ့ OneUI 5.0 Update ကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှ ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် Google က Android 13 OS Update ထုတ်ပေးပြီး ၂ လ နဲ့ ၁၀ ရက်အကြာမှ Samsung ကနေ Update ထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Samsung အနေနဲ့ အခုလိုမျိုး လပိုင်းအတွင်း Update ထုတ်ပေးနိုင်တာက ယခင်တုန်းကထက် အများကြီး ပိုမိုမြန်ဆန်လာတာဖြစ်ပါတယ်။ ယခင်တုန်းက Samsung အနေနဲ့ Google ကနေ Update ထုတ်ပေးပြီး ၆ လဝန်းကျင် အကြာမှ Update ထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Samsung ဖုန်းတွေက Software Update ပိုင်းမြန်ဆန်လာတဲ့အပြင် Device တွေအများအပြားမှာပါ အမြန်ဆုံးရရှိလာတာက သိသာတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ အခုလည်း Samsung ကနေ ကိုရီးယားနိုင်ငံအတွင်းမှာ အဆိုပါ Software Update မြန်ဆန်မှုနဲ့ ပတ်သက်ပြီး Post တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

Samsung ရဲ့ တရားဝင်ကြေညာချက်အရ Samsung ဟာ Device တွေအများအပြားကို OneUI Update ထုတ်ပေးနိုင်ဖို့ကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၃ ခုနှစ်မှာ ယခုနှစ်ထက်တောင် ပိုမိုမြန်ဆန်အောင် Software Update ထုတ်ပေးသွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

Samsung ဟာ ယခုနှစ်ကုန်မတိုင်ခင်မှာ Flagship ဖုန်းတွေအပြင် Galaxy A52s 5G နဲ့ Galaxy A32 ဖုန်းတွေကို OneUI 5 Update ထုတ်ပေးဖို့ စီစဥ်ထားပြီး Galaxy Z Fold2 ဖုန်းလည်း ပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena