Samsung ဟာ လက်ရှိအချိန်မှာ တကမ္ဘာလုံးရဲ့ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုနှစ်အတွင်းမှာ Samsung အနေနဲ့ ခန့်မှန်းထားသလောက် စမတ်ဖုန်းတွေကို ရောင်းချရခြင်းမရှိဘူးလို့ သိရပါတယ်။

ဒီလိုမျိုး Samsung စမတ်ဖုန်းတွေရောင်းအားကျဆင်းတာဟာ ထုတ်လုပ်မှုအပိုင်းမှာ COVID-19 ကြောင့် ထုတ်လုပ်တဲ့စက်ရုံတွေရပ်ဆိုင်းမှုတွေ၊ ငွေကြေးဖောင်းပွမှုမြင့်မားလာတဲ့အတွက် နိုင်ငံအတော်များများမှာ စီးပွားရေးကျဆင်းတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီအတွက် Samsung ဟာ စမတ်ဖုန်းထုတ်လုပ်မှုတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်အသစ်ကို ချလိုက်ပြီဖြစ်ပါတယ်။

ဒါကတော့ Samsung ဟာ လာမယ့် ၂၀၂၃ ခုနှစ်အတွက် စမတ်ဖုန်းထုတ်လုပ်မှုတွေကို ၁၃ ရာခိုင်နှုန်းအထိ လျော့ချသွားမှာပဲဖြစ်ပါတယ်။ ဒါဟာ စမတ်ဖုန်းအလုံးရေ သန်း ၃၀ ဝန်းကျင်လောက်နဲ့ ညီမျှတဲ့အတွက် Samsung အနေနဲ့ လာမယ့်နှစ်မှာ ရောင်းအားကောင်းဖို့ကတော့ မလွယ်ကူတော့ဘူးလို့ ပြောနိုင်ပါတယ်။ လက်ရှိအချိန်မှာလည်း Samsung အနေနဲ့ Flagship ဖုန်းတွေမှာ Galaxy Note Series ဖုန်းတွေကို ထုတ်လုပ်ခြင်းမရှိတော့ဘဲ Foldable ဖုန်းတွေကိုပဲ​ ပိုမိုအာရုံစိုက်နေတာဖြစ်ပါတယ်။

Samsung လိုမျိုးပဲ တခြားသော Android စမတ်ဖုန်းကုမ္ပဏီတွေအများအပြားလည်း ရောင်းအားကျဆင်းမှုတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါပေမယ့် Apple ကနေ ယခုနောက်ဆုံးမိတ်ဆက်ထားခဲ့တဲ့ iPhone 14 Pro Series ဖုန်းတွေကတော့ ယခုနှစ်ကုန်ပိုင်းအထိ ပစ္စည်းကို လောက်ငအောင် ထုတ်လုပ်နိုင်ခြင်းမရှိတဲ့အထိ ဝယ်လိုအားအလွန်မြင့်မားနေပါတယ်။

Ref – Gizmo China