Galaxy S21 Ultra ဟာ S Pen ထောက်ပံ့ပေးထားတဲ့ ပထမဦးဆုံး Galaxy S စမတ်ဖုန်းဖြစ်ပါတယ်။ ဒါပေမယ့် Galaxy Note 20 ရဲ့ Bluetooth S Pen မှာရရှိတဲ့ Feature အချို့ကိုတော့ Galaxy S21 Ultra ရဲ့ S Pen မှာ ထောက်ပံ့လာမှာမဟုတ်ဘူးလို့ သိရပါတယ်။

မူလက S Pen ကို Galaxy Note နဲ့ပဲ တွဲဖက်တွေ့မြင်ရလေ့ရှိပေမယ့် လာမယ့်အနာဂတ်မှာ Samsung ရဲ့ အခြား Galaxy ထုတ်ကုန်တွေမှာပါ S Pen အထောက်အပံ့ကို ရရှိတော့မယ်လို့ ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။ Samsung အနေနဲ့ Galaxy S Pen experience ကို ပိုများတဲ့ Device တွေဆီ ပို့ဆောင်ဖို့ စီစဉ်နေကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ထုတ်ပြန်ကြေညာချက်မှာတော့ ဘယ် Galaxy Device တွေမှာ S Pen ထောက်ပံ့မှုကို ထည့်သွင်းပေးမလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို ထည့်သွင်းဖော်ပြသွားခြင်း မရှိပါဘူး။ ဒါပေမယ့်၊ ပေါက်ကြားသတင်းတွေအရ လာမယ့် Foldable စမတ်ဖုန်းဟာ S Pen ထောက်ပံ့မှုကိုပါ သယ်ဆောင်လာမယ်လို့ သိရှိရပြီး ဖြစ်ပါတယ်။ Galaxy Z Fold 3 မှာ S Pen ထောက်ပံ့လာမယ်ဆိုတဲ့သတင်းက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ထွက်ပေါ်နေခဲ့တာပါ။

Samsung ဟာ ပထမဦးဆုံး Galaxy Note မှာ Stylus ကို ထည့်သွင်းမိတ်ဆက်ခဲ့တာဖြစ်ပြီး၊ အခုအချိန်မှာတော့ ကုမ္ပဏီရဲ့ Tablet အချို့နဲ့ ကွန်ပျူတာအချို့မှာပါ ထောက်ပံ့လာပြီ ဖြစ်ပါတယ်။ ပထမဦးဆုံးသော S Pen ဟာ Bluetooth connectivity အပါအဝင် Feature အတော်များများနဲ့ Air Gesture တွေကိုလည်း ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ Samsung ရဲ့ ဘယ် Galaxy Device တွေမှာ S Pen ကို ထောက်ပံ့လာမလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: Gizmochina