Samsung ဟာ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကပဲ Lapsus$ ဟက်ကာအဖွဲ့ရဲ့လက်ချက်နဲ့ လျှို့ဝှက်ဒေတာတွေ ပေါက်ကြားခဲ့ရပါတယ်။ ပါသွားတဲ့ ဒေတာပမာဏက 190GB ဖြစ်ပြီး Source code အပါအဝင် အခြားလျှို့ဝှက်အချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

Samsung ရဲ့ ဆိုက်ဘာတိုက်ခိုက်ခံရမှုမှာ Qualcomm လိုမျိုး လုပ်ဖော်ကိုင်ဖက်တွေရဲ့ လျှို့ဝှက်အချက်အလက်တွေလည်း ပေါက်ကြားခဲ့ရတာပါ။ ဆိုက်ဘာတိုက်ခိုက်ခံရပြီးချိန်မှာ တောင်ကိုရီးယားကုမ္ပဏီကြီးက ထုတ်ပြန်ကြေညာချက်ပြုလုပ်ခဲ့ပြီး ဒီကြေညာချက်မှာတော့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားမှုမရှိဘူးဆိုတာလည်း ပါဝင်ခဲ့ပါတယ်။

“ကုမ္ပဏီအတွင်းပိုင်းအချက်အလက်အချိုနဲ့ပတ်သက်တဲ့ လုံခြုံရေးချိုးဖောက်မှုတစ်ခုရှိတာကို မကြာသေးခင်က ကျွန်တော်တို့ သိရှိခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို တွေ့ရှိပြီးတဲ့နောက် ချက်ချင်းပဲ ကျွန်တော်တို့ရဲ့လုံခြုံရေးစနစ်ကို အင်အားဖြည့်တင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကနဦးပိုင်းခြားစိတ်ဖြာချက်တွေအရ ချိုးဖောက်မှုမှာ Galaxy device တွေရဲ့ လည်ပတ်မှုနဲ့ပတ်သက်တဲ့ Source code တွေပါဝင်ခဲ့ပေမဲ့ သုံးစွဲသူတွေ၊ ဒါမှမဟုတ် ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပါဝင်ခြင်းမရှိပါဘူး” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“လောလောဆယ်မှာတော့ ကျွန်ုပ်တို့ဟာ၊ ကျွန်ုပ်တို့ရဲ့လုပ်ငန်း ဒါမှမဟုတ် ဖောက်သည်တွေအပေါ် ဘယ်အကျိုးသက်ရောက်မှုကိုမှ မမျှော်မှန်းထားပါဘူး။ ဒီလိုမျိုး နောက်ထပ်မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ဖို့ အစီအမံတွေကိုအကောင်အထည်ဖော်ပြီး သုံးစွဲသူတွေကို အနှောင့်အယှက်မရှိစေဘဲ ဆက်လက်ဝန်ဆောင်မှုပေးသွားမှာပါ” လို့လည်း Samsung က အသိပေးထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိထုတ်ပြန်မှုအရ ကုမ္ပဏီဟာ သူ့ရဲ့အတွင်းပိုင်းလုံခြုံရေးအစီအမံတွေကို တိုးမြှင့်ထားတာဖြစ်တဲ့အတွက် မကြာသေးခင်ကာလအတွင်းမှာ နောက်ထပ်ချိုးဖောက်မှု ဖြစ်လာနိုင်ခြေက နည်းပါးတယ်လို့ သုံးသပ်ရပါတယ်။ ဒါပေမဲ့လည်း သုံးစွဲသူတွေအနေနဲ့ Samsung services တွေရဲ့ Passwords တွေကို ပြောင်းလဲပစ်တာ၊ 2FA (two-factor authentication) ကို မဖြစ်မနေဖွင့်ထားတာမျိုးပြုလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Ref: sammobile