Samsung ဟာ စမတ်ဖုန်းဈေးကွက်ထဲမှာ ဦးဆောင်သူဖြစ်နေသလို Display ထုတ်လုပ်မှုပိုင်းမှာလည်း အတော်အသင့်ကို အင်အားကြီးတဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် LCD ကနေ OLED ကို ကူးပြောင်းလာတဲ့နောက် Samsung Display ရဲ့ တိုးတက်မှုက ပိုပြီးသိသာလာတာကို တွေ့နိုင်ပါတယ်။

ဒါပေမယ့် Samsung ဟာ တရုတ်နိုင်ငံ Suzhou မှာရှိတဲ့ သူ့ရဲ့ LCD စက်ရုံကို ရောင်းချလိုက်ပြီဖြစ်ကြောင်း Insiders က ဖော်ပြလာပါတယ်။ Samsung ရဲ့ LCD စက်ရုံကို ဝယ်လိုက်တာက ဒေသခံကုမ္ပဏီတစ်ခုဖြစ်တဲ့ CSOT ဖြစ်ပြီး ဒီကုမ္ပဏီကို TCL က ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ ဒီကော်ပိုရေးရှင်းကြီးဟာ Alcatel စမတ်ဖုန်းတွေကိုလည်း ထုတ်လုပ်နေသေးတာ ဖြစ်ပါတယ်။

Suzhou က Samsung ရဲ့ LCD စက်ရုံကို ဒေါ်လာ ၁.၈ ဘီလီယံနဲ့ ရောင်းချလိုက်တာပါ။ ဒါပေမယ့် ပိုင်ဆိုင်မှုအားဖြင့် CSOT က ၆၀% ပိုင်ဆိုင်ပြီး TCL ကတော့ ၁၀% ပဲ ပိုင်ဆိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ ၃၀% ကိုတော့ Suzhou အစိုးရဆီ လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။ ဒီစက်ရုံဟာ Samsung Display ရဲ့ စုစုပေါင်းထုတ်လုပ်မှုထဲက ၂၇% အထိ ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး အများစုကတော့ မော်နီတာနဲ့ တီဗီတွေအတွက် ဖြစ်ပါတယ်။

Samsung ဟာ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ LCD ထုတ်လုပ်မှုကို ရပ်တန့်ပြီး Quantum dot screen ထုတ်လုပ်မှုအပေါ်မှာပဲ အာရုံစိုက်တော့မယ်လို့ ကြေညာခဲ့ဖူးပါတယ်။ Suzhou က LCD စက်ရုံကို ရောင်းချလိုက်ခြင်းရဲ့ အကြောင်းရင်းဟာ Samsung ရဲ့ ရွေ့လျားမှုကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။

Korea Herald ရဲ့ဖော်ပြချက်မှာတော့ စက်ရုံမှာ 8.5-generation production lines သုံးခုနဲ့ 11-generation line တစ်ခုရှိပြီး လာမယ့်နှစ်အစောပိုင်းမှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ တွေ့ရပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ Samsung Display ဟာ TCL နဲ့ ဆက်နွယ်တဲ့ကုမ္ပဏီတွေမှာ ရှယ်ယာ ၁၂.၃၃% ကို ပြန်လည်ဝယ်ယူဖို့အတွက် ဒေါ်လာ ၇၂၃ သန်းကို ရင်းနှီးမြှုပ်နှံခဲ့တယ်ဆိုတာပါပဲ။

Ref: GSM Arena