Samsung ကနေ ယခုနှစ်အစောပိုင်းမှာ Galaxy S20 Series ဖုန်းတွေနဲ့အတူ ဒုတိယမြောက် Foldable ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy Z Flip ကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Samsung အနေနဲ့ အဆိုပါ Galaxy Z Flip ရဲ့ ရောင်းအားအသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပေမယ့်လည်း ပြီးခဲ့တဲ့ မတ်လအတွင်း ရောင်းအားကိုတော့ Report တစ်ခုရဲ့ ဖော်ပြချက်အရ သိရှိခဲ့ရပါတယ်။

အဆိုပါ Report အရတော့ Samsung Galaxy Z Flip ဖုန်းကို ပြီးခဲ့တဲ့ မတ်လတစ်လထဲမှာတင် အလုံးရေ စုစုပေါင်း ၂၃၀,၀၀၀ ကျော်ရောင်းချခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ရောင်းချခဲ့ရတာထက် ၅၆.၁ ရာခိုင်နှုန်းတိုးတက်ခဲ့တာပါ။

ဒီလိုမျိုး Galaxy Z Flip Foldable ဖုန်းက ရောင်းအားကောင်းနေတာကတော့ မနှစ်တုန်းက Galaxy Fold လိုမျိုး Display ပြဿနာတွေကြုံတွေ့ရခြင်းမရှိတာကြောင့်လို့ယူဆရပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ရောင်းအားကောင်းနေတာက Samsung အတွက် လာမယ့် သြဂုတ်လမှာ မိတ်ဆက်လာဦးမယ့် Galaxy Fold 2 ဖုန်းအတွက်လည်း အခြေအနေကောင်းနေပါတယ်။

Galaxy Z Flip ရောင်းအားကောင်းနေတယ်ဆိုပေမယ့် တစ်ဖက်မှာတော့ Galaxy S20 Series စမတ်ဖုန်းတွေက ပြီးခဲ့တဲ့ Galaxy S10 Series နဲ့ယှဥ်ရင် ၃၅ ရာခိုင်နှုန်းအထိ ရောင်းအားကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Samsung ကနေ စမတ်ဖုန်းအစိတ်အပိုင်းတွေမှာယူမှုကို ထက်ဝက်အထိလျော့ချထားတဲ့အတွက် တခြားသော စမတ်ဖုန်းရောင်းအားတွေလည်း ကျဆင်းနေပုံပါပဲ။

Ref – Gizmo China